အိမ် ခြံ မြေ အရောင်းအဝယ် နှစ်မျိုးရှိသည်။ယင်း နှစ်မျိုးသည် အဓိက အကြောင်းအရင်းပင်ဖြစ်သည်။ပထမတစ်မျိုးသည် အမှန်တကယ်နေထိုင်အသုံးပြုရန်လိုအပ်သော အရောင်း အဝယ် ကဏ္ဍဖြစ်သည်။ယင်း ကဏ္ဍ၏ ရောင်းဝယ်မှု ပုံစံသည် အဖြူရောင်ဆန်သည်ဟုပြော၍ ရပေမည်။အဘယ်ကြောင့်ဆိုသော် အမှန်တကယ်နေထိုင်ရန်လိုအပ်သောကြောင့် ဝယ်ယူသူသည် ၎င်းပိုင်ဆိုင်သည့် ငွေကြေးနှင့် ၎င်း၏ စိတ်ကူးအတွင်းမှ အိမ်မျိုးကိုရရှိပါက ဝယ်ယူနေထိုင်နိုင်မည်ဖြစ်သည်။ရိုးရှင်းလွန်းပေသည်။ယင်းအိမ် မြေ နေရာအား ဝယ်ယူမှုအတွက် ပြန်လည် ရရှိလာမည့် အမြတ်အစွန်းများထက် မိမိနေထိုင်ရန်အဆင်ပြေမှုအပေါ်သာ မူတည်စဉ်းစားခြင်းကြောင့် အဖြူရောင်ဆန်သည်ဟု ပြောရခြင်းဖြစ်သည်။
အခြားတစ်မျိုးမှာမူ ရင်းနှီးမြုပ်နှံလိုသော သဘောဖြင့် အရောင်းအဝယ်ပြုလုပ်ကြခြင်းဖြစ်သည်။ယခင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သော ဖွံ့ဖြိုးပြီးဖြစ်သည့် Develop area များ ကို ရင်းနှီးမြုပ်နှံခဲ့ကြသည်။သို့သော် ယခုအခါ အများစုမှာ ရင်းနှီးမြုပ်နှံရာတွင် Long Plan ထားရှိ၍ လုပ်ဆောင်ရမည့် မဖွံ့ဖြိုးသေးသည့် မြေဧရိယာများကို ဝယ်ယူရင်းနှီးမြုပ်နှံ၍အနာဂတ်အလားအလာကို
စောင့်ကြည့်ကြပေသည်။
ယင်းကို အိမ် ခြံ မြေလောကသားများက ဝက်သားပေါက်မွေးသည်ဟု ခေါ်ဆိုသတ်မှတ်ကြသည်။
ယင်းကဲသို့ ဝက်သားပေါက်ဘဝများမှ ဝဝဖြီးဖြီး ဝက်ကြီးများဖြစ်လာနိုင်သည့်နေရာများကို
ရွေးချယ်ဖော်ပြပေးခြင်းမပြုမီ ရှောင်ကြဉ်ရမည့်အချက်
များကို ဦးစွာတင်ပြလိုက်ရပါသည်။
"ဝက်သားပေါက်မွေးရာမှာ ဘာတွေကိုရှောင်မလဲ""
ပိုင်ဆိုင်မှု အထောက်အထားနှင့်မြေပိုင်ဆိုင်မှု အရ မြေဧက ကျယ်ကျယ်ဝန်းဝန်းရရှိနိုင်သော်လည်းသတိထားရမည့်အချက်မှာ အရပ်စာချုပ်ပင်ဖြစ်သည်။ယင်းကဲ့သို့ အရပ်စာချုပ်သာ ပိုင်ဆိုင်ထားသူထံမှ တစ်ဆင့် ဝယ်ယူ ရင်းနှီးမြုပ်နှံပါက ဝယ်သူမှာသာ နစ်နာမှု ကြုံတွေ့နိုင်ချေများပေသည်။
ထို့ပြင် လယ်ယာမြေသည်လည်း ဝယ်ယူမြုပ်နှံရင်းနှီးရန်ရှောင်ရှားသင့်သည့် မြေအမျိုးအ
စားပင်ဖြစ်သည်။အမှန်တကယ် ဝယ်ယူရင်းနှီးမြုပ်နှံသင့်သောမြေမှာ စက်ရုံ၊ ဟိုတယ် လုပ်ကိုင်ခွင့်ကျရန်(၃၇)ကျထားသောမြေနေရာများကို
သာရွေးချယ်၍ ဝက်သားပေါက်မွေးမြူခြင်းက အန္တရာယ်အကင်းဆုံးပင်ဖြစ်နိုင်ကြောင်းကျွမ်းကျင်သူများက သုံးသပ်ပြောဆိုထားကြသည်။
""ဘယ်နေရာမှာ ဝက်သားပေါက်ရွေးမလဲ""
""လတ်တလောကတော့ အရင်ကထက် မွေးရမယ့်
နေရာ တစ်နည်းပြောရရင် ရင်းနှီးမြုပ်နှံရမယ့်နေရာတွေ ပေါလာပါပြီ။ဘာကြောင့်ဆိုတော့ ဒီလုပ်ငန်းသဘောက ဖွံ့ဖြိုးတိုးတက်မှုပေါ်မူတည်ပြီး လုပ်သင့်တဲ့လုပ်ငန်း၊အမြတ်များများရတဲ့လုပ်ငန်းလေ။အရင်ကဆိုဒလတံတားစီမံကိန်း ပေါ့။ဝယ်ယူရင်းနှီးမြုပ်နှံကြတယ်။အခုကတော့ ဒလတံတားရော၊ လှည်းကူး မှော်ဘီ ရော ၊ ဟံသာဝတီလေဆိပ် စီမံကိန်းရော ၊နောက် ရန်ကုန်အပြင်မှာများလည်း ပုသိမ် ရေနက်ဆိပ်ကမ်း ဒါတွေကြားနေတယ်။ဒီနေရာတွေက ဝက်သားပေါက်မွေးဖို့အကောင်းဆုံးနေရာတွေပါပဲ။
ဝက်ကြီးဖြစ်လာနိုင်တဲ့နေရာတွေပါပဲ""ဟု ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်မှ အကြံပြုထောက်ပြထားကြောင်း တင်ပြလိုက်ရပါသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com