ပြင်ပဒေါ်လာပေါက်ဈေးက မနေ့ကနဲ့ ဈေးသိပ်မကွာပေမဲ့ ဗဟိုဘဏ်ရဲ့သတ်မှတ်ဈေးက မနေ့ကထက် ၁၁ ကျပ်မြင့်နေတာဟာ ပြင်ပဈေးကွက်ကိုမှီပြီး ဈေးဖွင့်နေတာလားလို့ ကျွမ်းကျင်သူတစ်ချို့က မေးခွန်းထုတ်ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ကပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၁၂၈၃ နဲ့ ၁၂၈၆ ကြားရှိခဲ့တယ်။ဗဟိုဘဏ်သတ်မှတ်ဈေးက တစ်ဒေါ်လာကို ၁၂၅၉ ကျပ်ပဲရှိခဲ့တာပါ။သည်နေ့ ၁၉ ရက်မှာတော့ ဗဟိုဘဏ်သတ်မှတ်ဈေးက ၁၂၇၀ ကျပ်ရှိနေပြီး ပြင်ပပေါက်ဈေးက ကျပ် ၁၂၈၂ နဲ့ ၁၂၈၅ ကြားမှာ ရှိပါတယ်။တချို့ကတော့ ပြင်ပဈေးကွက်က ဈေးအပြောင်းအလဲမများဘဲ ဗဟိုဘဏ်သတ်မှတ်ဈေးက ကွာဟချက်များနေတာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် ငွေတန်ဖိုးကိုချပေးနေတဲ့ သဘောရှိတယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။
စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ဒေါ်လာကို ဈေးကွက်ကို လိုသလောက်မပေးနိုင်ပဲ ၀ယ်လိုအား ရောင်းလိုအားကို တကယ်ထိန်းညှိ့ပေးနိုင်တဲ့ အခြေအနေမဟုတ်ဘဲ အခုလိုသတ်မှတ်ပေးနေတာတွေက ဈေးကွက်ကို တက်အောင် ဖန်တီးနေသလို ဖြစ်တက်ပါတယ်၊ဗဟိုဘဏ် သတ်မှတ်ပေးထားတာက တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ၀ယ်လိုအားရောင်းလိုအားကို ထိန်းညှိ့ပေးနိုင်တဲ့ ဈေးကွက်ဖြစ်လာဖို့ ဖန်တီးပေးရမှာလို့ပြောပါတယ်။
တချို့နိုင်ငံတွေမှာလည်း သူတို့ရဲ့ ငွေတန်ဖိုးကို ချနေတာမျိုးတွေရှိတယ်။တချို့ကလည်း နိုင်ငံခြားရင်းနှီးမှုတွေအလုံးအရင်းနဲ့ ၀င်လာရင် ဒေါ်လာဈေးကျလာမယ်လို့ ပြောကြတာတွေရှိပါတယ်။တချို့ကလည်းပြည်တွင်းမှာ လိုငွေပြတာ များနေတာကြောင့်လည်း ကျပ်ငွေတန်ဖိုးက ကျနေမှာပဲလို့ ပြောကြတာတွေလည်းရှိပါတယ်။ဒေါ်လာဈေးမြင့်တက်ပြီး ကျပ်ငွေဈေးကျဆင်းနေတာက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်မှုတစ်ခုဖြစ်စေနိုင်တယ် လို့ပြေကြပေမဲ့ ပြည်တွင်းအခြေခံလူတန်းစားတွေအတွက် ကျပ်တည်းမှုတွေရှိလာနိုင်စေတယ်လို့ ပြောကြပါတယ်။
နိုင်ငံခြားငွေကြေးရောင်းဝယ်သူတစ်ဦးက အခုလိုပုံစံအတိုင်းဆို ဒေါ်လာဈေးကပြင်ပမှာ ကျပ် ၁၃၀၀ လောက်အထိကို ရောက်သွားမလားစောင့်ကြည့်ရမှာပဲ နောက်ပိုင်းဆိုခရီးသွားရာသီတွေရောက်လာပြီ၊ဒေါ်လာအရောင်းအ၀ယ်ဈေးကွက်မှာ ၀ယ်လိုအားတွေလိုက်လာရင် ပြောမရဘူး၊ပိုတက်သွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။
Credit : The Modern