ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လာခြင်း နှင့် ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အလားအလာ ကောင်းများကြောင့် တံတားဦးနှင့် ကင်ပွန်းစခန်း ဟိုတယ်ဇုန်စီမံကိန်းများကို ရင်းနှီးမြုပ်နှံ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီအုပ်စုလီမိတက်မှ
ဒုတိယဥက္ကဌ ဒေါက်တာစိန်မြင့်က ပြောသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ၊ မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စု လီမိတက်၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ ညီလာခံ အစည်းအဝေး တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
'' အရင်ဆုံး ကင်ပွန်းစခန်းက ဟိုတယ်ဇုန်စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ပါမယ့် ၊ အခုဆို ကေဘယ်ကားတွေလည်း လုပ်နေတယ့် အပြင် ကျိုက်ထီးရိုးကို တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားနေကြတယ် ၊ ဒါကြောင့် ဒီနေရာက အလားအလာ ကောင်းမယ်လို့ ယုံတယ် ၊ တံတားဦးကျတော့ လောလော ဆယ် တိုင်းဒေသကြီး အစိုးရနဲ့ ဒေသခံ ပုဂ္ဂိုလ်တွနဲ့ ညှိနှိုင်းစရာလေးတွေက မပြတ်သေးဘူး ၊ ဒါကြောင့် နည်းနည်းလေးတော့ကြာသွားနိုင်မယ် ၊ ဒါပေမယ့် တစ်ဖြည်းဖြည်းတော့ လုပ်သွားမှာဖြစ်ပါတယ် "ဟု ၄င်းကပြောသည်။
၂၀၁၀ ခုနှစ် မှစတင်ကာ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မင်္ဂလာဒုံလေဆိပ်အပါအ၀င် နယ်စပ်ဝင်ပေါက်များမှ တဆင့် ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၄ ဒသမ ၆၈ သန်းဝင်ရောက်လာခဲ့ ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ၅ ဒသမ ၅ သန်းအထိ ၀င်ရောက်လာနိုင်ကြောင်းခန့်မှန်းထားသည်။
ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်လေ့လာဖူးမျှော် လည်ပတ်မှု များပြားနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် သို့ အဓိက အတက်အဆင်းလမ်းကြီးဖြစ်သည့် ကင်းပွန်းစခန်း ဟိုတယ်ဇုန် စီမံကိန်းမှာ ဧက ၂၅၀ ခန့် အကျယ်အ၀န်းရှိပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စုမှ ဧက ၂၀ ကိုဝယ်ယူရင်းနှီးမြုပ်နှံထားပြီးဖြစ်သည်။
နိုင်ငံတော်မှ ခရီးသွားဒေသ သစ်များဖော်ထုတ်လာခြင်း ၊ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူများ တိုးတက်များပြားလာနိုင်သည့် အတွက် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ၇ ဒသမ ၅၀ သန်းထိ ၀င်ရောက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတကာ ခရီးသွားစစ်တမ်းများတွင် ဖော်ပြထားသည်။
'' ကင်ပွန်းစခန်း ဟိုတယ်ဇုန်စီမံကိန်းကတော့ လာမည့်နှစ်ထဲမှာကို စတော့မှာဖြစ်ပါတယ် ၊ တံတားဦးက စီမံကိန်းက စုစုပေါင်း ဧက ၅၀၀၀ လောက်ရှိပြီး ဟိုတယ်ဇုန်က ဧက ၅၀၀ လောက်ရှိနိုင်တယ် ၊ ပေါ်လစီနဲ့ ညှိနှိုင်းတဲ့ အပေါ်မူတည်ပြီး မှ ပြောလို့ရမယ်၊ အစ်ကိုတို့ အနေနဲ့ကတော့ အမြန်ဆုံး စချင်ပါတယ် '' ဟု ၄င်းကဆက်လက်ပြောသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီအုပ်စု မှာ အများပိုင်ကုမ္မဏီတစ်ခုဖြစ်ပြီး ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဒေါက်တာခင်ရွှေ ၊ ဦးတိုးနိုင်မန်း အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ ၊စက်မှုလုပ်ငန်းရှင်များ နိုင်ငံဝန်ထမ်းများ ပြည်သူများ စုစုပေါင်း ၂၁၃၇ ဦးမှ အစုရှယ်ယာများထည့်ဝင်ထားသည်။
နှစ်စဉ်ရှယ်ယာရှင်များသို့ အမြတ်ဝေစုများ ပုံမှန်ခွဲဝေပေးလျက်ရှိပြီး ၁၉၉၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့၊ ကုမ္မဏီ မှတ်ပုံတင်အမှတ် ၅၆၇ / ၁၉၉၈ - ၁၉၉၉ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့်
အများပိုင်ကုမ္မဏီ ကြီးတစ်ခုဖြစ်ကြောင်း ယင်းကုမ္မဏီ၏ နှစ်ပတ်လည်အစီရင်ခံစာ
တွင်ဖော်ပြထားသည်။
အသေးစားနှင့်အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် ၊ သီလ၀ါ အထူးစီးပွားရေးဇုန် ၊ စိုက်ပျိုးရေး လုပ်ငန်းများ ၊ ဟိုတယ်ဇုန် စီမံကိန်းများနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် ထည့်ဝင်ရင်းနှီးမြုပ်နှံထားသည့် အများပိုင်ကုမ္မဏီ တစ်ခုဖြစ်သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com