တရုတ်နိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်အိမ်ခြံမြေသူဌေးကြီး ၀မ်ကျန်းလင်က နိုင်ငံအရှေ့ပိုင်းတွင် ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် ရုပ်ရှင်စတူဒီယိုကြီးဆောက်လုပ်လျက်ရှိကြောင်း တရုတ်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် တရုတ်နိုင်ငံနှင့်အနီးကပ် လက်တွဲရန်လိုကြောင်း ၀မ်ကျန်းလင်က တိုက်တွန်းလိုက် သည်ဟု ဆိုသည်။
Dalian Wanda အုပ်စုပိုင်ရှင် သူဌေးကြီးဝမ်ကျန်းလင်သည် တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်တန်းမြို့တွင် ဟောလိဝုဒ်ရုပ်ရှင်များ ရိုက်ကူးနိုင်ရန် ရည်ရွယ်၍ စတူဒီယိုကြီး တည်ဆောက်ခြင်းလည်း ဖြစ်သည်။
လော့စ်အိန်ဂျလိတွင် ပြုလုပ်ခဲ့သောပွဲတစ်ခု၌ ၀မ်ကျန်းလင်က ယင်းအကြောင်းနှင့် စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားခဲ့ရာတွင်
“ဒါဟာ ဟောလိဝုဒ်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဟောလိဝုဒ်အတွက် ယှဉ်ပြိုင်မှုတစ်ရပ်မဟုတ်ပါဘူး။”ဟု ပြောကြားခဲ့သည်။
ဝမ်ကျန်းလင်သည် ဟောလိဝုဒ်နာမည်ကျော် ရုပ်ရှင်များဖြစ်သည့် Jurassic World နှင့် The Dark Knight ဇာတ်ကားများကို ထုတ်ခဲ့သည့် ကုမ္ပဏီဖြစ်သော Legendary Entertainment နှင့် အမေရိကန်ရုပ်ရှင်ကုမ္ပဏီအုပ်စုဖြစ်သော AMC Entertainmant Holdings တို့ကို ၀ယ်ယူပိုင်ဆိုင်ခဲ့ပြီးလည်း ဖြစ်သည်။
ဟန်တန်းမြို့ရှိ စတူဒီယိုကြီးသည် လေကောင်းလေသန့်ရရှိပြီး၊ မျှတသည့် ရာသီဥတုရှိကာ ကမ်းရိုးတန်းဒေသဖြစ်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားတောင်ပိုင်းဒေသနှင့် များစွာတူညီလျက်ရှိသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းသည် လာမည့် ၂၀၁၈ ခုနှစ်သို့ရောက်လျှင် ကမ္ဘာ့အကြီးဆုံးဈေးကွက်များဖြစ်သော အမေရိကန်နှင့် ကနေဒါတို့ကို ယှဉ်ပြိုင်နိုင်လာမည်ဖြစ်ကြောင်း ၀မ်ကျန်းလင်က ခန့်မှန်းထားပြီး လာမည့် ၁၀ နှစ်တာကာလအတွင်း နှစ်စဉ်တိုးတက်မှု ၁၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်းလည်း ၀မ်ကျန်းလင်က ခန့်မှန်းထားသည်။
တရုတ်ဈေးကွက်တွင် ထိုးဖောက်နိုင်ရန်အတွက် ဟောလိဝုဒ်ရုပ်ရှင်များတွင် တရုတ်ယဉ်ကျေးမှု၊ ပုံရိပ်များထည့်သွင်းရန် လိုအပ်ကြောင်းလည်း ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူတို့ကို ၀မ်ကျန်းလင်က ပြောကြားခဲ့သည်။
အမေရိကန်ဥပဒေပြုအမတ်တို့က အမေရိကန်ရုပ်ရှင်လောကတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းကို ရတက်မအေးဖြစ်လျက် ရှိသည်။
ဝမ်ကျန်းလင်ကမူ ၎င်းအနေဖြင့် စီးပွားရေးရှုထောင့်မှသာ ပြောခြင်းဖြစ်ပြီး နိုင်ငံရေးအရ ရည်ရွယ်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)