ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြောက်ပိုင်းတွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်း အိမ်ကြီးတစ်လုံးကိုအိမ်လခ ပေါင် ၁၀၈၀၀၀ (မြန်မာငွေ ၁၆၈၆၄၄၃၂၅ -မှတ်ချက်။ အောက်တိုဘာ ၁၉ ရက်ငွေလဲနှုန်းအရ ) ပေးကာ ငှားရမ်းလိုက်ကြောင်း နယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအိမ်ငှားခအရဆိုလျှင် တစ်နှစ်လျှင် ပေါင် ၁ ဒသမ ၃ သန်းခန့် ကျသင့်မည်ဖြစ်သည်။
နေအိမ်တည်ရှိရာလမ်းမှာ လန်ဒန်တွင် သန်းကြွယ်သူဌေးများနေထိုင်သည့်လမ်းဖြစ်ပြီး Billionaire’s Row ဟုလည်း နာမည်ကျော်သည်။
မကြာမီကာလအတွင်း အဆိုပါသူကြွယ်များနေထိုင်ရာလမ်းတွင် ဆယ်ကျော်သက်မိန်းကလေးများဖြင့် ပြည့်နှက်ကာ သန်းကြွယ်သူဌေးတို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဖြစ်လာတော့မည်ဖြစ်လေသည်။
ဂျပ်စတင်ဘီဘာသည် လန်ဒန်နှင့် ကယ်လီဖိုးနီးယားတို့တွင် တလှည့်စီနေထိုင်သွားမည့်ဟန်ရှိသည်။
နေအိမ်မှာ ရှေးဟောင်းအိမ်ကြီးဖြစ်သော်လည်း အိမ်တွင်းပိုင်းအပြင်အဆင်တို့မှာ ခေတ်ရှေ့ပြေးလှသည်ကိုလည်း တွေ့ရသည်။
ခြံဝန်းမှာ ၂ ဒသမ ၅ ဧကအထိကျယ်ဝန်းရာ ဂျပ်စတင်ဘီဘာအနေဖြင့် သူ၏ကမ္ဘာကျော်သူငယ်ချင်း၊ မိတ်ဆွေများကို ကောင်းစွာဧည့်ခံနိုင်မည် ဖြစ်သည်။
ဧည့်ခန်းမ ၆ ခုအထိပါဝင်ပြီး၊ တင်းနစ်ကွင်း၊ အိမ်တွင်း/အိမ်ပြင် ရေကူးကန်များ၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ၀ိုင်သိုလှောင်ခန်းများပါဝင်ပြီး ကားအစင်းရေ ၅၀ ခန့်အထိ ခြံဝန်းအတွင်းရပ်နားနိုင်သည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၂၄၀၀၀ ခန့်ကျယ်ဝန်းပြီး အိပ်ခန်း ၁၅ ခန်းပါဝင်သည်။
သကြားစက်သူဌေးကြီးတစ်ဦးက ၁၉၁၀ ပြည့်နှစ်ခန့်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်ပေါင်းများစွာပြောင်းလဲခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်အတွင်းတွင်မူ အမည်မသိဝယ်လက်တစ်ဦးက ယင်းနေအိမ်ကြီးကို ပေါင် ၂၅ သန်း (ကန်ဒေါ်လာ ၃၀ ဒသမ ၈ သန်း) ဖြင့် ၀ယ်ယူလိုက်ပြီး ပြန်လည်အငှားချရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ယင်းနေအိမ်ကြီး၏ ၂ လ အိမ်ငှားခသည် ဗြိတိန်တွင် နေအိမ်တစ်လုံးဝယ်ယူနိုင်သည့် ငွေပမာဏပင် ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)