သတ်မှတ်ထားတဲ့ ဝင်ငွေရှိသူတိုင်း ဝယ်ယူနိုင်တဲ့ တန်ဖိုးနည်းအိမ်ရာဖြစ်ဖို့ဆိုရင် အစိုးရပိုင်းရဲ့ အိမ်ရာ ဆောက်မှုအပေါ် ပံ့ပိုးကူညီမှုတွေနဲ့ ရွေးချယ်စရာအိမ်ရာ အဆောက်အအုံများများ ပါဝင်ဖို့ လိုအပ်ပါတယ်။
“ဝန်ကြီးဌာနဘက်က အိမ်ရာတွေချည်းပဲ ဆောက်နေလို့ ဝယ်ယူချင်တဲ့သူတွေ လက်ထဲကို အိမ်ရာတွေက မရောက်နိုင်ဘူး၊ အခုဖြစ်နေတဲ့ တန်ဖိုးနည်းအိမ်ရာ ဈေးနှုန်းကို အရင်ဆုံး အနည်းဆုံး ဖြစ်နိုင်အောင် အစိုး ရရဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်၊ နိုင်ငံတကာမှာ လုပ်နေသလို အခြေခံ အဆောက်အအုံဖြစ်ဖို့ လိုအပ် ချက်ရဲ့ ကုန်ကျစရိတ်ကို အစိုးရဘက်က ကျခံလိုက်မယ်ဆိုရင် အိမ်ရာတွေကို သိန်း ၇၀ လောက်နဲ့ ပြည် သူတွေဘက်က ဝယ်ယူနိုင်မယ်” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
အခက်အခဲများ
လူတိုင်းဝယ်ယူနိုင်တဲ့ အိမ်ရာဖြစ်ဖို့ဆိုတာက ပြည်တွင်းက ဝင်ငွေအသင့်အတင့်ရှိသူတိုင်း ဝယ်နိုင်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဆိုလိုပါတယ်။ အိမ်ရာဝယ်ယူဖို့အတွက် အဓိကဖြစ်နေတာကတော့ down payment ၃၀ ရာခိုင်နှုန်းကို ပေးချေဖို့ လက်လှမ်းမမီကြတာများပါတယ်၊ တန်ဖိုးနည်းအိမ်ရာ စတင်ရောင်းချ ချိန်က လာရောက်လျှောက်ထားသူအရေအတွက်က ထောင်ဂဏန်းနဲ့ သောင်းဂဏန်းလောက်အထိ ရှိပေမဲ့ ဘဏ်ချေးငွေနဲ့ ပေးသွင်းရမယ့်နှစ်ကို သိရပြီးချိန်မှာ အဲသည်ပမာဏကို သွင်းနိုင်တဲ့ မိသားစုက ဆက်ဂ ဏန်းလောက်သာ ကျန်တော့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် တချို့ဝယ်ယူသူတွေကျတော့ မိသားစုဝင်ငွေကို အမှန်တကယ်ဖော်ပြလို့ မမီပေမဲ့ ဝယ်ယူနိုင်တဲ့ အခြေအနေရှိနေတဲ့သူတွေ ဖြစ်ပါတယ်။ တချို့ဝန်ထမ်းလစာတွေမှာ ပြင်ပလစာနဲ့ ကွာခြားချက်တွေ ရှိနေ ပြီး ဆိုက်ကားသမား၊ လှေသမားနဲ့ ကားသမားတွေရဲ့ လစာဝင်ငွေက ဖော်ပြလို့ အတည်အကျ မရှိနိုင်တာ တွေကြောင့် ဝယ်ယူနိုင်ဖို့ အခက်အခဲဖြစ်နေတာတွေလည်း ရှိပါတယ်။
တချို့မိသားစုဝင်တွေက သည်လိုအိမ်ရာ ဝယ်ယူနေထိုင်ဖို့ကို လစဉ်ပုံမှန်ဝင်ငွေမျိုးနဲ့ မဟုတ်ဘဲ တခါတည်း အကျေသဘောမျိုး ပေးချေချင်သူတွေဘက်မှာကျတော့လည်း လက်ရှိရောင်းချတဲ့ ပုံစံက ဝယ်ယူနိုင်ဖို့ စောင့်ဆိုင်းရတာတွေနဲ့ ဘဏ်မှာ သတ်မှတ်ထားတဲ့ ငွေကြေးမရှိတာတွေကြောင့် ဝယ်ယူလို့ မရတဲ့သူတွေ ရှိနေပါတယ်။
“ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှေ့ပြေးစီမံကိန်းဖြစ်တဲ့ ရွှေလင်ပန်းအိမ်ရာကို ချေးငွေပုံ စံရောင်းချတုန်းကဆိုရင် ပြည်သူကို မဲနှုက်တာ လူ ၆၀၀ ကျော် ပေါက်တယ်၊ အဲဒီမှာ ပထမအရစ် ၃၀ ရာခိုင်နှုန်း ပေးရမယ်လဲဆိုရော ဝယ်ယူနိုင်တဲ့သူ အရေအတွက်က ၁၀ ယောက်လောက်ပဲ ကျန်တယ်၊ သူတို့က လစဉ်ပေးရမယ့်ငွေကို ပေးနိုင်တယ်၊ ဖြစ်တဲ့ပြဿနာက ပြည်သူဘက်မှာ စုဆောင်းငွေမရှိတဲ့ ပြဿနာက ဆိုးတယ်” လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေးဂျင်းဒါရိုက်တာ ဦးဝင်း ဇော်က ပြောပါတယ်။
ဝယ်ယူနိုင်မယ့်အိမ်ရာဆိုတာ
ပြည်သူတွေ အမှန်တကယ် ဝယ်ယူနိုင်တဲ့ အိမ်ရာဖြစ်ဖို့ဆိုတာက တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာဖြစ်ဖို့ဆို တာထက် အစိုးရပိုင်းက ပြည်သူတွေရဲ့ ဝင်ငွေနဲ့လိုက်ပြီး ကိုက်ညီအောင် ရောင်းချနိုင်တဲ့ အိမ်ရာတစ်ခု ဖြစ်ပေါ်လာဖို့ လိုအပ်ပါတယ်။
သည်လိုအိမ်ရာတွေကို ဘဏ်နဲ့ချိတ်ဆက်ဝယ်ယူနိုင်ဖို့ အိမ်ရာချေးငွေနဲ့ ပတ်သက်တဲ့ ငွေချေးဘဏ်ကို ပြီး ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာဖြစ်လို့ လုပ်ငန်းစတင်လည်ပတ်ချိန်က ချေးငွေသက်တမ်းကို လေးနှစ်ပေးရာကနေ အခုနောက်ပိုင်းမှာတော့ ရှစ်နှစ်ချေးငွေသက်တမ်းကို ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ သည်လိုချေးငွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာတော့ ၁၅နှစ်လောက်အထိ ပေးနိုင်ဖို့ ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တိုင်းပြည်မှာ ရှိနေတဲ့ လူတွေရဲ့ ဝင်ငွေကို လေ့လာပြီး ဝင်ငွေနဲ့ ဝယ်ယူနိုင်စွမ်းရှိတဲ့ အိမ်ရာတွေ ကို ပိုမိုဆောက်လုပ် အကောင်အထည်ဖော်ဖို့ လိုအပ်သလို ဆောက်လုပ်တဲ့အိမ်ရာအရေအတွက်နဲ့ ဝယ်နိုင် စွမ်းအား ကိုက်ညီဖို့ လိုအပ်ချက်တွေအပြင် နောက်ထပ်ဝယ်ယူချင်သူတွေ ဝယ်နိုင်အောင် ရန်ကုန်မြို့တွင်း သာမက နယ်ဘက်က အလုပ်သမားတွေနဲ့ နိုင်ငံခြားရောက် ပြည်သူတွေပါ ဝယ်ယူနိုင်ဖို့အတွက် အိမ်ရာ ဝယ်ယူနိုင်တဲ့ နေရာသစ်တွေ ထပ်မံတိုးချဲ့ပေးဖို့ လိုအပ်နေပါတယ်။
အစိုးရရဲ့ ပံ့ပိုးကူညီရမယ့် အပိုင်းတွေကတော့ အခုအခက်အခဲဖြစ်နေတဲ့ down payment ၃၀ ရာခိုင်နှုန်းကို အရစ်ကျပေးချေလို့ရနိုင်မယ့် စနစ်ဖြစ်တဲ့ လူမှုဖူလုံရေး ရန်ပုံငွေတွေ၊ စုငွေသဘောမျိုး ပိုက်ဆံထုတ်ချေး ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရဘက်က ပေါ်လစီတွေ ချမှတ်ပြီး masterplan လို ရည်မှန်းချက်တွေ ရှိ ဖို့ လိုအပ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်မှုမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ လက်ရှိအချိန် ထက် အိမ်ရာပေါင်း ၄၀,၀၀၀ ကျော်လောက် ဆောက်လုပ်နိုင်ဖို့ လျာထားပြီး အမှန်တကယ်နေထိုင်နိုင်တဲ့ အိမ်ရာပေါင်း ထောင်ဂဏန်းလောက်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။
Credit: Kumudra