ဒုတိယကမ္ဘာစစ်ကြီးကိုအနိုင်တိုက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီနေထိုင်၊ ကွယ်လွန်ခဲ့သောနေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာကြောင်း ဗြိတိန်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဝင်စတန်ချာချီ၏ သမိုင်းဝင်နေအိမ်ကြီးကိုပေါင် ၂၂ ဒသမ ၉ သန်း (ကန်ဒေါ်လာ ၃၆ ဒသမ ၅ သန်း) ဖြင့် ဈေးခေါ်ထားသည်။
တည်နေရာမှာလန်ဒန်မြို့ ကန်ဆင်တန်အရပ်၊ ဟိုက်ပါ့ဂိတ် အမှတ် ၂၈ တွင် ဖြစ်သည်။
ယင်းနေအိမ်ကြီးသည် လေးထပ်အဆောက်အအုံဖြစ်ပြီးအိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၅ ခန်း၊ ၀ိုင်သိုလှောင်ခန်း၊ ပုံဆွဲခန်း၊ လသာဆောင်၊ ၅၅ ပေအကျယ်အ၀န်းရှိ ပန်းဥယျာဉ်တစ်ခုတို့ ပါဝင်သည်။
ဝင်စတန်ချာချီသည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ်တာဝန်ထမ်းဆောင်ခဲ့သော ၁၉၄၀ မှ ၁၉၄၅၊ ၁၉၅၁ မှ ၁၉၅၅ ကာလများတွင် ယင်းနေအိမ်ကြီး၌ နေထိုင်ခဲ့သည်။
ဝန်ကြီးချုပ်တာဝန်မှ အနားယူပြီးနောက်ပိုင်းတွင်လည်း ၀င်စတန်ချာချီနှင့် ဇနီးဖြစ်သူစပင်ဆာချာချီသည် အဆိုပါနေအိမ်ကြီးတွင်ပင် ဆက်လက်နေထိုင်ခဲ့ပြီး ၁၉၆၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်တွင် ယင်းနေအိမ်ကြီး၌ ၀င်စတန်ချာချီကွယ်လွန်သွားခဲ့သည်။
နေအိမ်အကျယ်အ၀န်းမှာ ၅၇၆၃ စတုရန်းပေကျယ်ဝန်းပြီး ၀င်စတန်ချာချီက ၁၉၄၅ ခုနှစ်တွင် ၀န်ကြီးချုပ်တာဝန် ပထမသက်တမ်းမှ အနားယူပြီးနောက် အဆိုပါနေအိမ်ကြီးကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်တည်ရှိရာလမ်းတွင် နာမည်ကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များတည်ရှိရာ ဗာဂျီးနီးယားဝုဖ်၊ ရောဘတ်ဘာဒန် ပါဝဲလ်၊ ဆာဂျက်ကော့ဘ်အက်ပ်စတိန်း၊ နီဂဲလ် လောဆန်နှင့် နီဂျီလာလောဆန်တို့၏ နေအိမ်များ အပါအ၀င် ဖြစ်သည်။
ပထမထပ်တွင် အိပ်ခန်း ၃ ခန်း၊ အ၀တ်အစားထားသိုခန်း၊ ပန်းဥယျာဉ်ကိုစီးမိုးမြင်ရသော လသာဆောင်ပါဝင်ပြီးဒုတိယထပ်တွင် အိပ်ခန်းပိုမိုများပြားကာရေချိုးခန်းမှာမူ ၂ ခန်း ပါဝင်သည်။
အဆောက်အအုံမှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံကြီးဖြစ်သော်လည်း အတွင်းပိုင်းပြင်ဆင်ထားမှုမှာခေတ်ပြိုင်ဟန်ဖြစ်ပြီးအရောင်အသွေးတောက်တောက်များ၊ မော်ဒန်ပန်းချီကားများဖြင့် မွမ်းမံထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)