Pirates of the Caribbean ၊ Alice in Wonderland ဇာတ်ကားများဖြင့် အောင်မြင်မှုများစွာရရှိခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင်ဂျွန်နီဒက်ဖ်အရောင်းတင်ထားသည့် penthouse ငါးခန်းအနက် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် တစ်ခန်းရောင်းထွက်သွားပြီဖြစ်ကြောင်းလော့စ်အိန်ဂျလိအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်ဖော်ပြသည်။
ဂျွန်နီဒက်ဖ်ကသူ၏ penthouse ငါးခန်းကိုကန်ဒေါ်လာ၁၂ဒသမ၇၈သန်းဖြင့်အရောင်းဈေးကွက်တင်ခဲ့ပုံကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာhttp://www.imyanmarhouse.com/news/read/519170လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
ယင်းကွန်ဒိုခန်းများမှာလော့စ်အိန်ဂျလိမြို့လယ်ရှိအာ့ထ်ဒက်ကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောEastern Columbia Loftsအမည်ရှိကွန်ဒိုမီနီယံအဆောက်အအုံတွင်ရှိသည်။
ယခုအခါ အရောင်းတင်ထားသော ၅ ခန်းအနက် တစ်ခန်းကိုကန်ဒေါ်လာ ၂ ဒသမ ၅၄၅ သန်းဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်းPartners Trustအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ နစ်ခ်ဆီးဂဲလ်ကထုတ်ဖော်ပြောကြားသည်။
ရောင်းချလိုက်သောအခန်းမှာစတုရန်းပေ ၂၅၀၀ ခန့်ကျယ်ဝန်းပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။
သီးသန့်လသာဆောင်မှ လော့စ်အိန်ဂျလိတစ်မြို့လုံးကို ရှုမြင်နိုင်သည့် မြင်ကွင်းကောင်းသောနေရာတွင် တည်ရှိသည်။
ဂျွန်နီဒက်ဖ်သည် ယင်းကွန်ဒို ၅ ခန်းကို developer တစ်ဦးထံမှ ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းခန့်ဖြင့် ၂၀၀၇ ၊ ၂၀၀၈ ခုနှစ်များတွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
အချို့ကခန့်မှန်းသည်မှာ ဂျွန်နီဒက်ဖ်သည် ဇနီးဖြစ်သူအမ်ဘာဟာ့ဒ်နှင့် ကွာရှင်းပြတ်စဲခဲ့ခြင်းကြောင့် ယင်းအခန်းများကိုရောင်းထုတ်ခြင်းဖြစ်သည်ဟုလည်းခန့်မှန်းကြသည်။
ဂျွန်နီဒက်ဖ်သည် အဆိုပါကွန်ဒို ၅ ခန်းသာမကဘဲ ပြင်သစ်နိုင်ငံတောင်ပိုင်းရှိအိပ်ခန်း ၁၅ ခန်းပါ နေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်ဟုဆိုသည်။
Eastern Columbia Loftsရှိကျန်ရှိသောအခန်း ၄ ခန်းမှာမူ ၀ယ်လက်မရှိသေးချေ။
ဂျွန်နီဒက်ဖ်ကိုအမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ အိုဝင်စ်ဘိုရိုမြို့တွင် ၁၉၆၃ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် မွေးဖွားသည်။
ဂျွန်နီဒက်ဖ်သည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၀၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Pirates of the Caribbean ဇာတ်ကားမှာအနုပညာအရသာမကစီးပွားရေးအရလည်းအောင်မြင်မှုအရဆုံးဇာတ်ကားဖြစ်သည်။
အဆိုပါဇာတ်ကားမှ ကန်ဒေါ်လာ ၃ ဘီလီယံကျော် ၀င်ငွေရခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ရုံတင်ခဲ့သော Alice in Wonderland မှာလည်းများစွာအောင်မြင်မှုရခဲ့သောဇာတ်ကားဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း၌ အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်အဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)