မန္တလေးအချက်အချာနေရာတွေမှာ အိမ်ခြံမြေငှားရန်းခနှုန်းထားတွေက နေရာအကျယ်အဝန်းအလိုက် ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ဖြစ်နေပါတယ် ။
ဝါကျွတ်ကာလကနေ နိုဝင်ဘာ ၊ ဒီဇင်ဘာလထိ ကာလတွေဟာ မန္တလေးအိမ်ခြံမြေအငှားဈေးကွက် သွက်လေ့ရှိသည် ။ သည်နှစ်ရာသီအစမှာပင် အရင်နှစ်ကထက် အငှားသွက်နေတယ် ။ အရင်နှစ်ထက်စာရင် ငှားရန်းခဈေးနှုန်းမြင့်သွားတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ဆိုပါတယ် ။
‘အငှားဈေးကွက် တအားမြောက်တယ် ၊ မြေကွက်ကျယ်ကျယ်တွေ ပိုဈေးမြောက်တယ် ၊ မနှစ်က တစ်နှစ်ကို သိန်း ၁၅၀ တန်လောက်နဲ့ စာချုပ်ချုပ်ပေးလိုက်တဲ့ဟာက ခုဒီနှစ်ထဲမှာ ၂၀၀ နီးနီးလောက်ထည့်တယ်’ လို့ အိမ်ခြံမြေအကျိုးဆောင်ဦးမြင့်မောင်က ပြောပါတယ် ။
မန္တလေးမြို့ ၆၂ လမ် ၊ ၇၃ လမ်း ၊ ၇၈ လမ်းကနေ ၈၄လမ်းအထိ ၊ လမ်း ၃၀ ၊ သိပ္ပံလမ်း ၊ အနော်ဟရီလမ်းပေါ်က မြေနေရာတွေနဲ့ မြို့သစ်စက်မှုဇုန်ရပ်ကွက်တွေက မြေနေရာငှားရမ်းခမြင့်တက်နေတာပါ ။
အရင်နှစ်က တစ်လငှားရမ်းခ သိန်း ၂၀ ၊ တစ်နှစ်ငှားရမ်းခသိန်း ၂၄၀ ခန့် ကျသင့်တဲ့ စက်မှုဇုန်ဘက်က တစ်ဧက အကျယ်အဝန်းရှိ မြေဟာ အခုနှစ်မှာ တစ်လငှားရန်းခ ကျပ်သိန်း ၃၀ တစ်နှစ်ငှားရန်းခ ကျပ်သိန်း ၃၆၀ ခန့်ရှိတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ် ။
အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ‘မြို့ထဲလမ်းမကြီးပေါ်က သူ့လမ်းပိုင်းနဲ့သူ ဈေးပိုပြီး ငှားရမ်းရတာ ၊ မြို့သစ်ထဲမှာ အာရ်စီတိုက်နဲ့ ၄၀ x ၆၀ ငှားမယ်တို အနည်းဆုံး ၁၀ သိန်း ၊ ၆၂ လမ်းပေါ်က သိန်း ၃၀ ၊ ၄၀ ပေါက်တယ်’ လို့ပြောပါတယ် ။
လိုအပ်ချက်မြင့်
ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင် ဦးဝဏ္ဏစိုးကလဲ ‘အငှားဈေးကွက်ကတော့ဈေးကွက်လိုအပ်ချက် မြင့်မားပြီးတော့ ငှားရမ်သူများတယ် ၊ ဈေးကွက်က နောက်တစ်ခု ငွေကြေးဖောင်းပွမှုအရရော တက်တဲ့သဘော’ လို့ပြောပါတယ် ။
မန္တလေးမြို့မှာ မြေကွက် အသင့်အတင့် ကျယ်ဝန်းတဲ့နေရာတွေမှာလည်းအငှားဈေးကွက် ကောင်းမွန်နေတယ် ၊ ပြည်ပက စီးပွားရေးလုပ်ငန်းတွေ ၊ ပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေက ငှားရမ်းတာများတယ်လို့ အကျိုးဆောင်အချို့ဆီက သိရပါတယ် ။
အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေတယ် ။ ငှားရမ်းနှုန်းထားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုက ထက်စာရင်မြင့်တက်လာတယ်လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင် အချို့က ပြောပါတယ် ။
ချမ်းအေးသာစံမြို့နယ်က ယာဉ်ပျံ ၊ ရွှေယာဉ်မွန် ၊ ကျန်းမာရေး ၊ အောင်မြေသာစံမြို့နယ်က နန်းဦးလွင် ၊ ဘူးကုန်း ၊ သရက်ကုန်း ၊ ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း ၊ ကျွဲရေကုန်း စတဲ့ ရပ်ကွက်တွေက အိမ်ငှားခတွေ မြင့်တက်လာပါတယ် ။
ဥပမာ အရင်(တစ်လအိမ်ငှားရမ်းခကျပ်)တစ်သိန်းတန်လောက်က ခု ၁၃၀,၀၀၀ လောက်တက်တယ် ။ အိမ်အခြေအနေ ၊ လမ်းအနေအထားတွေပေါ်မှာ လိုက်ပြီး ၁၀,၀၀၀ လောက်တက်ပါတယ် ။
သွားရေးလာရေးလွယ်ကူအဆင်ပြေတာ ၊ မြို့တွင်းအချက်အချာကျတဲ့နေရာတွေနဲ့ မနီးမဝေးမှာရှိတာ ၊ မြို့တွင်းအိမ်အငှားဈေးနှုန်းတွေနဲ့ယှဉ်ရင် အိမ်ငှားရမ်းခ နှုန်းကြောင့် အဲသည်ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်လိုသူတွေ ပိုမိုများပြားလာပါတယ် ။
Credit: The Modern