မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုဆောင်းထား သူတွေအတွက် ဌာနက ရရှိတဲ့ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၆၅၆ ခန်းကို dawn payment ၃၀ ရာခိုင်နှုန်း ပြည့်မီသူတွေ ဦးစားပေးရောင်းချမယ်လို့ သိရပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ ဘဏ်မှာ ငွေလာစုပြီး အိမ်ရာဝယ်ယူတဲ့ အလေ့အကျင့်တွေ ရစေချင်တယ်၊ ဒီလိုလာစုဆောင်းရင်း သတ်မှတ်ထားတဲ့ ငွေပမာဏ ပြည့်သွားရင် ကိုယ်လိုချင်တဲ့ အခန်းကို တင်ပြပြီး ဝယ်ယူနိုင်မယ်၊ ဌာနဘက်ကလဲ ဒီလို ငွေစုဆောင်းတဲ့ သူတွေဆီကနေ ပြည်သူတွေ ဘယ်လိုနေရာတွေမှာ အိမ်ရာတွေလိုအပ်နေတယ်ဆိုတဲ့ housing data တွေ ရလာနိုင်တယ်” လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာပေါင်း ၂၂၀၈ ခန်းကို ဆောက်လုပ်ခဲ့ပေမဲ့ ရန်ကုန် တိုင်းဒေသကြီး အစီအစဉ်နဲ့ ရောင်းချဖို့ အခန်းရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ အခန်း ၁၅၀၀ ကျော်ကို လွှဲပြောင်းပေး ခဲ့တာ ဖြစ်လို့ ကျန်ရှိတဲ့ အခန်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရကို တင်ပြပြီး လာမယ့် နိုင်ဝင်ဘာလ အတွင်း ရောင်းချမှာပါ။
အခန်းဝယ်ယူဖို့ စုဆောင်းငွေ အခန်းရဲ့ ၃၀ ရာခိုင်နှုန်း ပြည့်မီသူတွေကိုတော့ မိမိနေထိုင်လိုတဲ့ အခန်းတွေ ကို မေးမြန်းထားပါတယ်။ လက်ရှိမှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်လိုတဲ့ အရေအတွက် များပြား နေပါတယ်။ စုဆောင်းငွေ ပြည့်မီသူအရေအတွက်နဲ့ ရောင်းချမယ့် အခန်းအရေအတွက်က ကိုက်ညီနေတာ ကြောင့် အစဉ်လိုက်အတိုင်း ရောင်းချနိုင်မယ့် အခြေအနေပါ။ စုဆောင်းသူအရေအတွက်နဲ့ ရောင်းချမယ့် တိုက်ခန်း မကိုက်ညီတာမျိုးတွေ ရှိနေရင်လည်း နောက်ပိုင်းဆောက်လုပ် အကောင်အထည်ဖော်ဖို့ လျာထား တဲ့ အိမ်ရာတွေကို ဦးစားပေးရောင်းချမယ်လို့ ဆိုပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက “ဖြစ်နိုင်ရင်တော့ အားလုံးကို လစဉ် ပုံမှန် ဝယ်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေစုစေချင်လို့ အိမ်ရာတွေကို ဘဏ်ချေးငွေနှစ် များများတွေပေးပြီး ရောင်းချပေးမှာပါ၊ ဒီလို ငွေစုတဲ့ သူတွေဘက်ကလဲ လစဉ်ငွေနဲ့ ဝန်မပိစေဘဲ ဝယ်နိုင်အောင် ဆောင် ရွက်ချင်တာ” လို့ ပြောပါတယ်။
အိမ်ရာဝယ်ယူဖို့ ငွေစုဆောင်းသူတွေ အဆင်ပြေစေဖို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ပထမ အကြိမ် ငွေစုစာအုပ်လာသွင်းဖို့ကိုသာ ဘဏ်ရုံးနေရာတွေမှာ လုပ်ဆောင်ရမှာပါ။ ကျန်ရှိတဲ့ လစဉ်ငွေ လာ ရောက်စုဆောင်းဖို့ အခက်အခဲရှိသူတွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ KBZ, AYA, AGD, GTB, MCB, NSB စတဲ့ ဘဏ်တွေမှာ ငွေလွှဲစနစ်နဲ့ ပေးသွင်းနိုင်မှာ ဖြစ်ပါ တယ်။
အခန်းတန်ဖိုးတွေကို ကျပ် ၁၂၅ သိန်းအများဆုံး သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ ၃၀ ရာခိုင်နှုန်း ပြည့်မှီသူက တစ်လကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်လောက် သွင်းပြီး အိမ်ခန်းတွေမှာ နေထိုင်ခွင့်ပြုမှာ ဖြစ်ပါ တယ်။
Credit: The Modern