မြို့တွင်းအိမ်ခြံမြေဈေးကွက်က ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အရေးမပေးတော့တဲ့ အခြေအနေတွေဖြစ်တာကြောင့် ဝယ်ရင်ရှုံးမယ် မမြတ်နိုင်ဘူးလို့ ယုံကြည်မှုအားနည်းနေတာကြောင့် ဈေးကွက်နှေးနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ဥပဒေတွေ မတည်ငြိမ်သေးတဲ့အချိန်မှာ ဝယ်ရမလို ရောင်းရမလိုနဲ့ ဖြစ်နေကြတာ ၊ ဈေးကွက်နှေးနေတာလဲ အဲဒါတွေကြောင့်ပဲ ၊ အငှားဈေးကွက်ကတော့ ဒီရက်ပိုင်းတွေမှာ အရင်ကထက် ပိုကောင်းလာတယ် ၊ ဈေးကွက်ကတော့ ပြန်ကောင်းလာနိုင်တဲ့ အလားအလာတွေ ရှိပါတယ် ၊ ဒီနှစ်ကုန်ဖို့ကလဲ လပိုင်းပဲလိုတော့တဲ့အတွက် ပြောင်းလဲမှုတွေ ရှိလာမှာပါ’ လို့ ပြောပါတယ် ။
ဈေးကွက်ထဲမှာ အငှားဈေးကွက်ကတော့ ပိုပြီးအားကောင်းနေတယ်လို့ သိရပါတယ် ။ ဈေးနှုန်းအများကြီးပြောင်းလဲတာတွေ မရှိဘူးလို့ ပြောတယ် ။ အရောင်းကတော့ မြို့တွင်းပိုင်းမှာ အနည်းအကျဉ်းပွဲဖြစ်တာမျိုးတွေသာ ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။
ဆိပ်ကမ်းသာလမ်းရှိ အကျိုးဆောင်ဦးအောင်ကျော်က ‘အငှားဈေးကွက်ကတော့ ကောင်းပါတယ် ၊ နှစ်တိုင်းလဲ ဒီလိုပွင့်လင်းရာသီရောက်ချိန်တိုင်း အငှားဈေးကွက်က ဖြစ်နေကျ ၊ အရောင်းဈေးကွက်ပဲ အေးနေသေးတယ်လို့ ပြောရမယ် ၊ မြို့တွင်းပိုင်းမှာက ဈေးနှုန်းအပြောင်းအလဲတွေ သိပ်မရှိတော့ ဈေးနည်းတဲ့ မြို့နယ်တွေဘက်ကတော့ ပွဲဖြစ်တာများတယ် ပြောလို့ရတယ်’ လို့ပြောပါတယ် ။
မြို့တွင်းဈေးကွက်မှာ ဆိုင်ခန်းအငှား ၊ လူနေအိမ်အငှားတွေကတော့ ပုံမှန်အတိုင်းရှိနေတယ် လို့သိရတယ်။ တချို့မြို့နယ်တွေမှာတော့ အငှားဈေးအနည်းငယ်တက်တယ် ။ မြို့တွင်းအရောင်းဈေးကွက် ပြန်ကောင်းလာဖို့ကတော့ နှစ်ကုန်ပိုင်းလောက်မှပဲ ဖြစ်နိုင်မယ်လို့ အကျိုးဆောင်တချို့က ခန့်မှန်းထားကြပါတယ် ။
Credit: The Modern