ရက် ၁၀၀ စီမံကိန်းနဲ့ ရောင်းချပေးမယ့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းက ၂၂၀၈ ခန်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုစာရင်း ဖွင့်လှစ်ထားသူတွေကို နိုဝင်ဘာလမှာ ဦးစားပေးရောင်းချမယ်လို့ ဆို ပါတယ်။
“ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုစာရင်းဖွင့်လှစ်ထားတဲ့ သူတွေကို အဓိက ရောင်းချမယ်၊ အိမ်ရာတွေကိုတော့ ရှစ်နှစ် အရစ်ကျ ပုံစံနဲ့ ဝယ်ယူလို့ ရနိုင်တယ်” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ဒုတိယညွှန်ကြားမှူး ဦးမင်းအောင်အေးက ပြောပါတယ်။
ဝယ်ချင်ရင်
တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူချင်သူတွေအနေနှင့် ပထမဆုံး ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှာ ငွေစာရင်းဖွင့်လှစ်ရမှာပါ။ ကျပ် ၁၀,၀၀၀ က စတင်ဖွင့်လှစ်ရမှာဖြစ်ပြီး မိမိဝယ်ယူလိုတဲ့ အိမ်ရာ တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ပြည့်မှီရင် ဝယ်ယူလိုတဲ့အခန်းကို ဘဏ်ကတစ်ဆင့် မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်။
ငွေစာရင်းနဲ့ စုရမယ့်နှုန်းထားတွေကိုတော့ အခန်းဝယ်ယူလိုသူ ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ငွေစုနိုင်ပါတယ်။ သတ်မှတ်နှုန်းထား ပြည့်မီချိန်မှာတော့ မိမိဝယ်ယူမယ့် အခန်းအတွက် ဘဏ်ကချေးတဲ့ အတိုးနှုန်းနဲ့ ကျန် တဲ့ ၇၀ ရာခိုင်နှုန်းကို သတ်မှတ်နှစ်အတိုင်း ပေးဆပ်ရမှာပါ။ ဒါ့အပြင် ဝယ်ယူမယ့်သူအနေနဲ့ မိသားစုဝင် တွေဟာ တစ်လကို ကျပ် ၃၅၀,၀၀၀ ဝန်းကျင် ရှိရမှာ ဖြစ်တယ်။ မိသားစုဝင်ငွေနဲ့ ဝယ်ယူခွင့် ရရှိသူတို့ရဲ့ profile ကို ကြည့်ရှုပြီး စစ်ဆေးရောင်းချပေးမှာပါ။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်က “ဘဏ်မှာ အိမ်ရာဝယ် ယူဖို့ ငွေစာရင်းလာဖွင့်သူ ၅၀၀၀ကျော် ရှိနေပြီး အဲဒီထဲမှာ အခန်းဝယ်ယူဖို့ အခန်းရဲ့ ၃၀ ရာခိုင်နှုန်း စုငွေပြည့်မီသူ ၁၀၀ ကျော်လောက် ရှိနေပြီ၊ အဲဒီလူတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်ကို စာရင်းပေး မှာ၊ ဒီလူတွေကို အခုရောင်းချမယ့် တန်ဖိုးနည်းအိပ်ခန်းတွေ ဝယ်ယူဖို့ ဦးစားပေးရောင်းချသွားမှာပါ ” လို့ ပြောပါတယ်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က လက်ရှိမှာ ဝင်ငွေနည်း ပြည်သူတွေ အိမ်ရာဝယ်ယူနိုင်အောင် နှစ်ရှည်ချေးငွေတွေနဲ့ အိမ်ခန်းတွေကို ဝယ်ယူနိုင်အောင် စီစဉ်နေပါတယ်။ နောက်ပိုင်း လူတိုင်းလိုလို ဘဏ်စုငွေတွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်စုငွေရှိသူတွေကို ဦးစားပေးရောင်း ချမှာပါ။ နောက်ပိုင်း ပြည်နည်နှင့်တိုင်းဒေသကြီး ၁၄ ခုမှာ အကောင်အထည်ဖော်မယ့် အိမ်ရာစီမံကိန်း တွေ ကိုလည်း ဝယ်ယူနိုင်ဖို့ နယ်ဘက်ကပြည်သူတွေကိုလည်း ဘဏ်စုငွေတွေနဲ့ ရောင်းချပေးဖို့ စီစဉ်နေပါတယ်။
ဆောက်လုပ်ရေးဌာနက နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင် နဲ့ ရန်ကုန်တို့မှာ ဘဏ်ခွဲစုစုပေါင်း ရှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
ရောင်းချမယ့် အိမ်ရာများ
ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ဖိုးနည်းအိမ်ရာပေါင်း ၂၂၀၈ ခန်းကို ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)မှာ ၈၆၄ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ကနောင်တန်ဖိုးနည်းအိမ်ရာမှာ ၈၄၀ ခန်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း(၃)မှာ ၅၀၄ခန်း၊ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ နောက် ထပ် တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀,၀၀၀ ကျော် ဆောက်လုပ်ဖို့လည်း ရှိပါတယ်။ အဲသည်အိမ်ရာတွေကိုတော့ အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ အောက်နဲ့ ရောင်းချနိုင်အောင် စီစဉ်ထားပါတယ်။အခြေခံ လူတန်းစားတွေ ဝယ်ယူ နိုင်အောင် သက်သာတဲ့ နှစ်ရှည်ချေးငွေတွေ စီစဉ်ထားတာပါ။ နောက်ထပ် ဆောက်လုပ်မယ့် အိမ်ရာ တွေကတော့ သန်လျင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံတို့မှာ ဖြစ်ပါတယ်။
ရောင်းချမယ့် အိမ်ရာအားလုံးကို ပထမအရစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီးတာနဲ့ အခန်းပေါ်မှာ နေထိုင်ခွင့် ပြု သွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ငွေတွေကို လစဉ်အိမ်လခ ပေးချေသလို အရစ်ကျစနစ်နဲ့ ပေးသွင်းရမှာပါ။ အခန်းတန်ဖိုးတွေကတော့ အများဆုံး ၁၂၅ သိန်းဝန်းကျင် လောက်အထိ အခန်းတွေ ပါဝင်ပါတယ်။
Hall Tye နဲ့ Room Type ပုံစံ နှစ်မျိုးရှိပါတယ်။ ဝယ်ယူချင်တဲ့ အခန်းပုံစံကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ပေး သွင်းရမယ့် နှုန်းထားတွေကတော့ တစ်လကို ကျပ် ၁၁၀,၀၀၀ ဝန်းကျင် ဖြစ်တယ်။ ရှစ်နှစ် အရစ်ကျ ချေးငွေ ကို တွက်ချက်ထားတဲ့ နှုန်းထားဖြစ်ပါတယ်။
Credit: The Modern