စင်္ကာပူရှိ ရန်ကုန်လမ်းတွင် ဟိုတယ်စားဖိုမှူးတစ်ဦးက လူနေခန်းငှားရမ်းကာ ပြည့်တန်ဆာများအား တဆင့်ခံပြန်လည် ငှားရမ်းပြီး ပြည့်တန်ဆာခန်းများအဖြစ် အသုံးပြုစေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရကြောင်း စင်္ကာပူအခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းစာဖိုမှူး၏အမည်မှာ ရွှီဒေါင်လိုင်ဖြစ်ပြီး အသက် ၄၈ နှစ်အရွယ်ဖြစ်သည်။
ရွှီဒေါင်လိုင်သည် ၎င်းငှားရမ်းထားသော ကွန်ဒိုခန်းများကို ပြည့်တန်ဆာခန်းအဖြစ်အသုံးပြုရန် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ ယခုနှစ် အစောပိုင်းအထိ တဆင့်ပြန်လည်ငှားရမ်းရာမှ ကန်ဒေါ်လာ ၁၅၀၀၀ ခန့် ၀င်ငွေရရှိခဲ့သည်ဟု ဆိုသည်။
ရွှီဒေါင်လိုင်သည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူတစ်ဦး ဖြစ်သည်။
၎င်းသည် စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် Grand Shanghai စားသောက်ဆိုင်တွင် စားဖိုမှူးလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆွစ်ဇာလန်ဟိုတယ်တစ်ခုဖြစ်သော Merchant Court တွင် လက်ထောက်စားဖိုမှူးအဖြစ် လုပ်ကိုင်လျက်ရှိသည်။
အဆိုပါနှစ်များအတွင်း ရွှီဒေါင်လိုင်သည် လူနေခန်း အနည်းဆုံး ၅ ခန်းခန့် ငှားရမ်းခဲ့ကာ ပြည့်တန်ဆာများအား တဆင့်ခံ ပြန်လည်အငှားချထားခဲ့သည်။
အဆိုပါအခန်းများတွင် ရန်ကုန်လမ်း Rangoon Road ရှိ Urban Lofts ကွန်ဒိုခန်းလည်း အပါအ၀င် ဖြစ်သည်။
ရွှီဒေါင်လိုင်သည် ကွန်ဒိုခန်းများတွင် ပါဝင်သော အခန်းအကျယ်အ၀န်းအလိုက် ငှားရမ်းခတောင်းယူခဲ့ရာတွင် တစ်လလျှင် ကန်ဒေါ်လာ ၁၀၀ မှ ၁၄၀ အကြားဖြစ်သည်ဟု ဆိုသည်။
ပြည့်တန်ဆာခေါ်ပေးသော ပွဲစားကို ရွှီဒေါင်လိုင်က ကော်မရှင်ခ ဒေါ်လာ ၂၀ ပေးလေ့ရှိသည်။
ရွှီဒေါင်လိုင်က ပြောကြားရာတွင် စားဖိုမှူးအလုပ်မှရသော ၀င်ငွေတစ်ခုတည်းဖြင့် မိသားစုကို ထောက်ပံ့ရန် မလုံလောက်သောကြောင့် ယခုကဲ့သို့ ၀င်ငွေရှာရခြင်းဖြစ်ကြောင်း၊ သမီးတစ်ဦးမှာ ဗြိတိန်နိုင်ငံတွင် ပညာသင်ကြားနေကြောင်း ပြောကြားသည်။
အခြားတရုတ်နိုင်ငံသားများကို အခန်းများပြန်လည်ငှားရမ်းခြင်းဖြင့် ၀င်ငွေရှာခြင်းသာဖြစ်ပြီး ငှားရမ်းနေထိုင်သူတို့၏ ပြည့်တန်ဆာလုပ်ငန်းများမှာ မိမိနှင့်သက်ဆိုင်ခြင်းမရှိကြောင်းလည်း ရွှီဒေါင်လိုင်က ထုတ်ဖော်ပြောကြားသည်။
တရားရုံးက ရွှီဒေါင်လိုင်ကို ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ဒေါ်လာ ၂၃၀၀၀ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)