အော်စကာ ၂ ဆုရှင် ဟောလိဝုဒ်မင်းသားကြီး ဂျော့ကလူးနေးနှင့် ဇနီးဖြစ်သူ အေမယ်လ်တို့သည် နယူးယောက်တွင် ဇိမ်ခံကွန်ဒိုခန်း တစ်ခန်း အလျင်စလိုဝယ်ယူလိုက်ကြကြောင်း နယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကွန်ဒိုခန်းတည်နေရာမှာ နယူးယောက်မြို့ ၊ အရှေ့ ၅၃ လမ်း၊ အမှတ် ၁၀၀ ရှိ ကွန်ဒိုမီနီယံ အဆောက်အအုံဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်မည့် အဆောက်အအုံ ဖြစ်သည်။
Developer မှာ Aby Rosen ဖြစ်ပြီး နာမည်ကျော်ဗိသုကာပညာရှင် နော်မန်ဖော့စ်တား၏ Foster + Partners ဗိသုကာအဖွဲ့မှ ဒီဇိုင်းရေးဆွဲပေးထားခြင်း ဖြစ်သည်။
ဂျော့ကလူးနေးသည် အဆိုပါကွန်ဒိုမီနီယံတွင် မည်သည့်အခန်းကို ၀ယ်ယူလိုက်သည်ဆိုခြင်းကိုမူ အတိအကျမသိရချေ။
ကလူးနေးတို့ ဇနီးမောင်နှံသည် penthouse ခန်းတစ်ခန်းကို ကြည့်ရှုခဲ့သည်ဟုဆိုသော်လည်း ယင်းအခန်းအောက် ဈေးနည်းပါးသည့် အခြားအခန်းတစ်ခန်းကို ရွေးချယ်ခဲ့သည်ဟုလည်း သတင်းထွက်လျက်ရှိသည်။
Penthouse ခန်းမှာ စတုရန်းပေ ၆၇၆၀ ကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်း ပါဝင်ကာ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၆၅ သန်း ဖြစ်သည်။
အခြားတစ်ခန်းမှာမူ စတုရန်းပေ ၃၃၈၅ ပေသာ ကျယ်ဝန်းပြီး အိပ်ခန်း ၃ ခန်းပါဝင်ကာ ဈေးနှုန်းမှာ ၁၄ ဒသမ ၇၄ သန်း ဖြစ်သည်။
အဆိုပါအခန်းသည် ဓာတ်လှေကား တိုက်ရိုက်ရောက်ရှိပြီး မျက်နှာကျက်မှာ ၁၁ ပေ မြင့်မားသည်။
ယင်းအဆောက်အအုံကို ဂျော့ကလူးနေးရွေးချယ်ရခြင်းမှာ ဈေး၊ စားသောက်ဆိုင်ကောင်းများရှိသည့်အပြင် ပေ ၆၀ ခန့်ကျယ်ဝန်းသော ရေကူးကန်ပါဝင်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် အဆိုပါနေရာမှာ ကိုလံဘီယာဥပဒေကျောင်းတွင် သင်ကြားပို့ချမှုများ ပြုလုပ်ပေးနေသော အေမယ်လ်အတွက်လည်း သွားလာရေးအဆင်ပြေသည့်နေရာ ဖြစ်လေသည်။
ဂျော့ကလူးနေးသည် အော်စကာဆု ၂ ကြိမ်ရရှိခဲ့ရာတွင် ဆုတစ်ခုမှာ သရုပ်ဆောင်မှုအတွက်ရရှိခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဆုမှာမူ ၎င်းထုတ်လုပ်ခဲ့သော ရုပ်ရှင်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်မှုအတွက် ရရှိခဲ့သည်မှာ ၂၀၀၅ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သော အရှေ့အလယ်ပိုင်းပထ၀ီနိုင်ငံရေးအခြေပြုဇာတ်ကား Syriana အတွက် အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုရရှိခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)