ဗြိတိန်နိုင်ငံ၊ အီဒင်ဘာ့ဂ်ျအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီက ဂျပန်နိုင်ငံ၊ တိုကျိုရှိ ၁၃ ထပ်အဆောက်အအုံတစ်ခုကို ကန်ဒေါ်လာ ၈၂ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆောက်အအုံမှာ လက်လီအရောင်းဆိုင်နှင့် ရုံးခန်းပေါင်းစပ်အဆောက်အအုံဖြစ်ပြီး တိုကျိုမြို့ ဂျင်ဇာခရိုင်တွင် တည်ရှိသည်။
ဝယ်ယူသည့်ကုမ္ပဏီမှာ ဗြိတိန်အခြေစိုက် TIAA-Henderson Real Estate ဖြစ်ပြီး TH ဟု အတိုကောက်အားဖြင့် ခေါ်ဆိုသည်။
ရောင်းချလိုက်သူ၏ ကိုယ်စား Standard Life Investments Global Real Estate မှ ရောင်းချခဲ့ခြင်း ဖြစ်သည်။
Standard Life သည် စတုရန်းမီတာ ၄၅၃၉ (စတုရန်းပေ ၄၉၀၀၀ ) ရှိ လက်လီ၊ ရုံးခန်း ပေါင်းစပ်အဆောက်အအုံကို ၂၀၁၄ ခုနှစ်အတွင်းက စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ထိုကာလကမူ ၄၀ ရာခိုင်နှုန်း အငှားဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် Standard Life က ရာနှုန်းပြည့်ပိုင်ဆိုင်ခဲ့သည်။
ယင်းအဆောက်အအုံမှာ ဘူတာရုံငါးခုနှင့် လမ်းလျှောက်သွားရသည့် ခရီးသာ ကွာဝေးသည်။
၉ ထပ်မှာ လက်လီအရောင်းဆိုင်များဖြစ်ပြီး ကျန် ၄ ထပ်မှာ ရုံးခန်းနေရာဖြစ်သည်။
“ဒီအဆောက်အအုံက မဟာဗျူဟာအချက်အခြာကျတဲ့နေရာမှာ ရှိပါတယ်။ ရှေ့မှာ အဓိကလမ်းမကြီးဖြစ်တဲ့ ရှိုဝါဒိုရီရှိပြီး မြောက်ဘက်မှာ နိဟွန်းဘာရှီနဲ့ တောင်ဘက်မှာ ရှီအိုဒိုမီရှိတော့ ရုံးခန်းစိုက်ဖို့ တကယ့်နေရာကောင်းတစ်ခုပါ”ဟု TH မှ အာရှရေးရာ သွင်းအားစုလွှဲပြောင်းရယူရေးဒါရိုက်တာ ရှု ၀ါတာနာဘီက ပြောကြားသည်။
ဝါတာနာဘီသည် TH ၏ စင်္ကာပူရုံးသို့ ယခုနှစ် ဇွန်လတွင် စတင်ဝင်ရောက်ခဲ့သူ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)