အိမ်ခြံမြေအကျိုးဆောင်တွေ အတွက် အကျိုးဆောင်လိုင်စင်ပြုလုပ်ရေးကိစ္စက အဓိကပြဿနာတစ်ခုဖြစ်နေတယ်လို့ မန္တလေးမှာ ကျင်းပတဲ့ အိမ်ခြံမြေဥပဒေကြမ်း ပြုစုရေးအလုပ်ရုံ ဆွေးနွေးပွဲက သိရပါတယ်။
လိုင်စင်ဆိုရင် စံသတ်မှတ်ချက်တွေ ရှိရတော့မယ်၊နိုင်ငံတကာ စံနှုန်းနဲ့ သတ်မှတ်ရင်လိုင်စင်ဆိုတာ မဖြစ်နိုင်သေးဘူး၊မန္တလေးတိုင်းဒေသကြီး အိမ်၊ခြံ၊မြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌဦးတင်မောင်က သုံးသပ်ပါတယ်။
တချို့နိုင်ငံ ဥပဒေတွေမှာ ဆိုရင် ပညာတက်ဘွဲ့ရဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။
ဥပဒေအထူးကိစ္စရပ်များ လေ့လာစမ်းဆစ်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မောင်ဦးက ဒီမှာတော့ လက်ရှိအနေအထားအရ မဖြစ်နိုင်သေးပါဘူး ၊ဒေသလိုအပ်ချက်အရ တချို့အကျိုးဆောင်တွေဆိုရင် အိမ်၊ခြံ၊မြေ လုပ်ငန်းမှာ ကြီးကြီးမားမား လုပ်နေတာရှိတယ်၊ဘွဲ့ရချင်မှ ရမယ်လို့ပြောပါတယ်။
မန္တလေးတိုင်း ဒေသကြီး အိမ်၊ခြံ၊မြေ ကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းက စီစဉ်တဲ့ မြန်မာနိုင်ငံ အထက်ပိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အိမ်ခြံမြေ ဥပဒေကြမ်း ပြုစုရေးအလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့ ရွှေနိုင်ငံဟိုတယ်မှ အခုက ၈ ရက်နေ့ကပြုလုပ်တယ်။အိမ်ခြံမြေ အကျိုးဆောင်ပေါင်း ၂၂၄ ဦးတက်ရောက်ဆွေးနွေးပါတယ်။
ကွမ်းယာရောင်းသူ ဆိုက်ကားနင်း သူကလဲ ပွဲစားလုပ်ရင် လုပ်မယ်၊ အခုလိုမျိုးဒဏ်ကြေးတွေ၊ ထောင်ဒဏ်တွေကတော့ မဖြစ်သင့်ဘူး လို့ ဆွေးနွေးပွဲကို တက်ရောက်လာသူတစ်ဦးကပြောပါတယ်။
နေပြည်တော် ပြည်သူ့လွှတ်တော် ရေးရာဆောင်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန် ရှိသူတွေနဲ့ အိမ်ခြံမြေအသင်းတွေပါဝင်တဲ့ ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ အသင်းကတင်ပြထားတဲ့ အိမ်ခြံမြေ ဥပဒေကြမ်းမှာ လိုင်စင်မရှိဘဲ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ကိုင်မယ်ဆိုရင် ထောင်ဒဏ် နှစ် နှစ်(သို့)၁၀ သိန်းအထိ ချမှတ်နိုင်ပြီး ၀န်ဆောင်ခမယူဘဲ မိသားစုနဲ့ အသိမိတ်ဆွေတွေကို လုပ်ဆောင်ပေးရင်တော့ သည်ဥပဒေနဲ့ အကျုံးမ၀င်ဘူးလို့ ဖော်ပြထားပါတယ်။
ကိုဝဏ္ဏစိုး(ဖိုးလမင်း အိမ်ခြံမြေရောင်းဝယ်ရေး) က လိုင်စင်အတွက် စံနှုန်းသက်မှတ်ထားတဲ့ ဘာသာရပ်တွေ စာမေးပွဲတွေမရှိသေးတဲ့ အတွက် လိုင်စင်ဆိုတာထက်ခွင့်ပြုချက် လက်မှတ်ကိုသာ အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။
Credit : The Kumudra