အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းတန်ကြေးရှိ ရွက်လှေတစ်စင်းသည် လျှပ်စစ်စနစ် ချို့ယွင်းမှုကြောင့် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မီးသတ်သမားများက ငြိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။
ယင်းရွက်လှေ၏ အမည်မှာ moon ဖြစ်ပြီး ရွက်လှေပေါ်တွင် လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း ရွက်လှေမှာမူ ပင်လယ်အောက်သို့ ပျက်စီးနစ်မြုပ်သွားခဲ့သည်။
ဒူဘိုင်းတွင်လည်း ဆီလီကွန်အိုအေစစ်အမည်ရှိ တာဝါတွင် လေအေးပေးစက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာများရရှိခဲ့ကာ နေထိုင်သူများကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအဆောက်အအုံမှာ ၂၇ ထပ်အဆောက်အအုံဖြစ်ပြီး မီးခိုးများရှုရှိုက်မိခြင်းကြောင့် မေ့မြောသူပေါင်း ၃၇ ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ကို လာတီဖာဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ယင်းအဆောက်အအုံတွင် နေထိုင်သူ ၂၅၀ ဦးကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။
အမျိုးသမီးတစ်ဦးမှာမူ ခြေထောက်ကျိုးသွားခဲ့သည်။
မီးသတ်သမားများနှင့် ဆေးတပ်ဖွဲ့ဝင်များသည် မီးလောင်မှု ညနေ ၅း ၄၃ အချိန်တွင် ဖြစ်ပွားပြီးနောက် အချိန်အနည်းငယ်အတွင်း ရောက်ရှိလာပြီး ၃၅ မိနစ်ခန့် ငြိမ်းသတ်ခဲ့ရသည်။
မီးမှာ ဖြစ်ပွားသည့်အခန်းပြင်ပသို့ ကူးစက်ခြင်းမရှိခဲ့သော်လည်း လေအေးပေးစနစ်အတွင်းတွင် မီးခိုးများ အလုံးအရင်း ပျံ့နှံ့ဝင်ရောက်သွားခဲ့သည်။
အရေးပေါ်သူနာပြုဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦး၏ တွေ့ရှိချက်အရ ယင်းတာဝါတွင် နေထိုင်သူတို့သည် မီးသတိပေးချက်ကို အပူတပြင်းလိုက်နာခြင်းမရှိဘဲ နေအိမ်ခန်းများအတွင်းတွင်သာ ဆက်လက်ရှိနေခဲ့ခြင်းကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းမှု နှောင့်နှေးခဲ့သည်ဟု ဆိုသည်။
“ဒူဘိုင်း ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဒီမတော်တဆမှုကို အပူတပြင်းကြိုးစားထိန်းသိမ်းခဲ့ပါတယ်။
အချိန်တိုအတွင်းမှာ အရာရာကို ထိန်းသိမ်းနိုင်ခဲ့တယ်။ အဓိကပြောချင်တဲ့တစ်ချက်ကတော့ နေထိုင်သူအများစုဟာ မီးသတိပေးချက်ကို အလေးအနက် လိုက်နာမှုမရှိကြတာပါ” ဟု ဒူဘိုင်းအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုမှ အကြီးအကဲဖြစ်သူ အာမက် အယ်လ်အေဂျီက ပြောကြားသည်။
မီးသတိပေးသံပေါ်ပေါက်သည်နှင့်တပြိုင်နက် နေအိမ်များမှ ထွက်ခွာကြရန်လည်း အာမက်က သတိပေးတောင်းဆိုခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)