ကမ္ဘာကျော်မျက်လှည့်ပညာရှင် ဒေးဗစ်ကော့ပါးဖီးသည် အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်တွင် ဈေးအကြီးဆုံးဖြစ်သော နေအိမ်ကြီးတစ်လုံးကို ၀ယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်ခြင်းဖြစ်ပြီး လာ့စ်ဗီးဂပ်စ်တွင် ရောင်းချခဲ့သမျှတွင် တန်ဖိုးအများဆုံးစံချိန်တင်ခဲ့သည်။
ယင်းနေအိမ်ကို ဒီဇိုင်နာ စကော့ဒေးလ်က ရေးဆွဲပေးခြင်းဖြစ်ပြီး စတီးနှင့် ကွန်ကရစ်များကို အဓိကအသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
Billionaires လမ်းဟုနာမည်ကျော်သောအရပ်တွင် တည်ရှိသည်။
ခြံတံခါးမှာ ၁၈ ပေခန့် ကြီးမားပြီး ပေါင်ချိန် ၂၀၀၀ ခန့် လေးသည်ဟု ဆိုသည်။
နေအိမ်အတွင်းတွင် မှန်သားနံရံများဖြင့် ကာရံထားသော အားကစားလေ့ကျင့်ခန်းမ၊ ၀ိုင်သိုလှောင်ခန်း၊ နိုက်ကလပ်ခန်းမ၊ ဂိမ်းကစားသည့်ခန်းမ ၃ ခု ၊ ရုပ်ရှင်ရုံတစ်ခု၊ ကုန်ပစ္စည်းတင်ဆောင်သည့်ဓာတ်လှေကားနှစ်စင်းတို့ ပါဝင်သည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၃၁၀၀၀ ရှိပြီး အိပ်ခန်း ၈ ခန်းပါဝင်သည်။
ကားဂိုဒေါင်မှာ စတုရန်းပေ ၆၁၈၀ ကျယ်ဝန်းကာ ခြံဝန်းအတွင်းတွင် အပန်းဖြေစခန်းဟန် ရေကူးကန်နှင့် ပန်းဥယျာဉ်တို့ ပါဝင်သည်။
ပင်ပနေအိမ်အဆောက်အအုံမှာ ၄ ထပ်ဖြစ်ပြီး ဧည့်ဂေဟာအဆောက်အအုံ ၂ လုံးလည်း ပါဝင်သည်။
“ကျွန်တော် ဒေးဗစ်ကို ဒီအိမ်ခေါ်ပြတော့ သူက ဒီလိုအိမ်မျိုးရှာနေတာ တစ်နှစ်လောက်ရှိပြီလို့ ပြောပါတယ်” ဟု အိမ်ခြံမြေအကျိုးဆောင် အိုင်ဗန်ရှားက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)