ကိုကာကိုလာကုမ္ပဏီသည် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကိုကာကိုလာပုလင်းများထုတ်လုပ်မည့် စက်ရုံတစ်ခုကို ကန်ဒေါ်လာ သန်း ၈၀ အသုံးပြု၍တည်ဆောက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်လိုက်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းစက်ရုံကို လာမည့် ၂၀၁၉ ခုနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်ရန် ရည်မှန်းထားပြီး စတုရန်းမီတာ ၁၈၇၀၀၀ ကျယ်ဝန်းသော မြေနေရာပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။
ယင်းစက်ရုံတည်ထောင်ခြင်းကြောင့် ဆော်ဒီနိုင်ငံသား ၂၀၀ ကျော် အလုပ်အကိုင်များ ရရှိလာမည်ဖြစ်ပြီးနောက်ပိုင်းတွင် အချိုရည်နှင့် သောက်ရေသန့်များပါ ထုတ်လုပ်သွားမည်ဟု ဆိုသည်။
“ကိုကာကိုလာဟာ ဆော်ဒီဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ ကတိက၀တ်ပြုထားပါတယ်။ စားသုံးသူဈေးကွက်ကြီးမားတာနဲ့ ကျယ်ပြန့်တဲ့စီးပွားရေးအခွင့်အလမ်းတွေရှိတဲ့အပေါ်မှာ အခြေခံပြီး စဉ်းစားခဲ့တာ ဖြစ်ပါတယ်” ဟု ကိုကာကိုလာကုမ္ပဏီ ဆော်ဒီအာရေးဗီးယား၏ စားသုံးသူဌာန ဥက္ကဌ ဆမား အယ်လ် ခါဝပ်ရှ်ကီက ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ ကတိက၀တ်ဟာ ဆော်ဒီမှာ တောင့်တင်းခိုင်မာတဲ့စီးပွားရေးထူထောင်ဖို့ ရည်မှန်းချက်ချထားတဲ့ ၂၀၃၀ ရည်မှန်းချက်နဲ့ လိုက်လျောညီထွေရှိပါတယ်။ လက်လီအရောင်းကဏ္ဍကို ကြီးထွားဖွံ့ဖြိုးစေမှာဖြစ်တဲ့အပြင် လူငယ်တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ” ဟု ခါဝပ်ရှ်ကီက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)