ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်နေတဲ့ ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာစီမံကိန်း လူနေထိုင်ခွင့်စတင်ခွင့်မပြုသေးပေမဲ့လည်း အိမ်ရာမှာ အငှားစာချုပ်ချုပ်ဆိုပြီး အခန်းတွေရှိနေတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ် ။
‘အိမ်ရာက လူနေခွင့်မပြုသေးပေမဲ့ အငှားတွေက သူ့ဟာနဲ့သူ ချုပ်ပြီးသားတွေ ရှိနေတယ် ၊ အိမ်ရာစဖွင့်တာနဲ့ အိမ်ငှားက နေဖို့စောင့်နေကြတာ’ လို့ မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးဆောင် မနီလာက ပြောပါတယ် ။
ဗိုလ်မင်းရောင်အိမ်ရာဆောက်လုပ် အကောင်အထည်ဖော်မှုမှာတော့ အားလုံးလိုလို ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ် ။
အခန်းငှားရမ်းနေသူအများစုကတော့ ဈေးနှုန်းသက်သာတဲ့ အပေါ်ထပ်အခန်းတွေကို ငှားရမ်းကြတာရှိသလို ဆိုင်ခန်းဖွင့်လှစ်နိုင်တဲ့ မျက်နှာစာတန်း မြေညီတိုက်ခန်းတွေကိုလည်း ငှားရမ်းကြတာတွေ ရှိပါတယ် ။
အခန်းဈေးနှုန်းတွေကတော့ အပေါ်ဆုံးထပ် ရှစ်ထပ်ကို ကျပ် ၈၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး အကျယ်အဝန်းတွေကတော့ ၆၀၀ စတုရန်းပေနဲ့ ၉၀၀ စတုရန်းပေနှစ်မျိုးခွဲခြားထားပါတယ် ။ မြေညီထပ်တိုက်ခန်းတွေကတော့ မျက်နှာစာတန်းလမ်းမဘက်တွေမှာ ကျပ် ၄၀၀,၀၀၀ လောက်အထိ ပေါက်ဈေးရှိနေပြီး အတွင်းဘက်တွေကတော့ ကျပ် ၃၀၀,၀၀၀ လောက်အထိ ရှိတယ်လို့ သိရပါတယ် ။
အငှားနေထိုင်သူအများစုက အိမ်ရာမဖွင့်လှစ်ခင် အကြိုအငှားစာချုပ်တွေ ချုပ်ဆိုထားကြတာဖြစ်ပြီး တချို့တိုက်ခန်းတွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက အရောင်းတွေစတင်ခဲ့ပြီး အငှားကိုလည်း အခန်းပိုင်ရှင်တွေဘက်က ဈေးနှုန်းအမျိုးမျိုးသတ်မှတ်နေကြတာဖြစ်ပါတယ် ။ အဆိုပါအိမ်ရာကိုတော့ အရင်ဆောက်လုပ်ပြီးစီးသွားတဲ့ ဗိုလ်ဗထူးအိမ်ရာထက် လူစိန်ဝင်စားမှုများပြားနေပြီး အငှားပိုင်းမှာလည်း ပိုသွက်နေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။
‘ဗိုလ်မင်းရောင်အိမ်ရာက လူတွေပို စိတ်ဝင်စားပါတယ် ၊ ဟိုဘက်ကအိမ်ရာကကျတော့ ပရီကတ်စနစ်နဲ့ ဆောက်ထားတယ်ဆိုရင် တချို့ကြောက်လို့မငှားကြဘူး ၊ ဗိုလ်မင်းရောင်ကျတော့ အခုက ကားဂိတ်နဲ့လဲနီး ဈေးနဲ့လဲနီးတော့ လူပိုကြိုက်ကြတယ်’ လို့ မနီလာကပဲ ပြောပါတယ် ။
အဆိုပါအိမ်ရာစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ဆောက်လုပ်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လေးခန်းခွဲ ရှစ်ထပ်ဆောက်လုပ်ထားတာ ဖြစ်ပါတယ် ။ အိမ်ရာစီမံကိန်းက အခန်းတွေကိုတော့ အရစ်ကျနဲ့ ဘဏ်ချေးငွေပုံစံနှစ်မျိုးနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခန်းတန်ဖိုးတွေကတော့ ၂၅၅ သိန်းဝန်းကျင်ကနေ သိန်း ၃၀၀ ဝန်းကျင်အထိ ဈေးနှုန်းသတ်မှတ်ခဲ့တာ ဖြစ်ပါတယ် ။
Credit: The Kumudra