တရုတ်နိုင်ငံ တစ်ဝန်း မြို့ကြီးများက မြင့်တက်လာသော အိမ်ဈေးများကို တည်ငြိမ်စေရန် ကြိုးပမ်းနေကြသည်ဖြစ်ရာ ပြီးခဲ့သည့် သီတင်းပတ်များတွင် ပေကျင်း၊ ဟယ်ဖေ၊ ကျီနန်၊ ၀ူရှီ၊ ကျန်ကျိုး၊ ချိန်တူနှင့် ထျန်ကျင် စသည့်တရုတ်မြို့ကြီး ၇ မြို့က အိမ်ဝယ်ယူမှုနှင့် ပတ်သက်၍ စည်းမျဉ်းတင်းကျပ်မှုအသစ်များကို ကြေညာခဲ့သည့်အပြင် ယင်းသို့ကြေညာသည့်မြို့ကြီးများတွင် ယခုသီတင်းပတ်၌ ရှန်ဟိုင်း၊ နန်ချန်တို့ ထပ်တိုးလာခဲ့သည်။
ရှန်ဟိုင်းတွင် စီးပွားဖြစ် အိမ်ရာတည်ဆောက်မှုများအတွက် မြေယာပိုမိုချပေးတော့မည်ဖြစ်သည်။ မြေယာဝယ်ယူမှုကို စည်းကြပ်ရန် အစိုးရဌာနများမှ ဝန်ထမ်းများဖြင့် အဖွဲ့၁ဖွဲ့မည်ဖြစ်သည်။
အိမ်ဝယ်ထားပြီး အသုံးမပြုဘဲ နောက်ထပ်အိမ်ဝယ်ယူမှုများကို စီစစ်ကြပ်မတ်တော့မည်ဖြစ်သည်။ အိမ်သစ်ဈေးနှုန်းများကိုလည် ပို၍တင်းတင်းကျပ်ကျပ်ကြီးကြပ်တော့မည်ဖြစ်သည်။
ဈေးကွက်ခန့်မှန်းချက်များ တည်ငြိမ်စေရန်လည်း အိမ်ခြံမြေဈေးကွက်သတင်းအချက်အလက်များကို ပုံမှန်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ရှန်ဟိုင်းအစိုးရက ကြေညာခဲ့သည်။
နိုင်ငံအရှေ့ပိုင်း ကျန်စီပြည်နယ်၏ မြို့တော် နန်ချန်တွင်လည်း အိမ်ဝယ်ယူမှုစည်းမျဉ်းများကို တင်းကျပ်လိုက်သည်။
အချို့ခရိုင်များတွင် အိမ် ၁ အိမ် သို့မဟုတ် ၁ အိမ်ထက်ပိုမို ဝယ်ယူပြီးသူများ နောက်ထပ်ဝယ်ယူခွင့် ပိတ်ပင်ခဲ့သည်။
ပထမအကြိမ် အိမ်ဝယ်ယူသူများ လက်ငင်းပေးသွင်းရမည့် ငွေပမာဏကိုလည်း အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ ယခင်က ၂၀ ရာခိုင်နှုန်းဖြစ်သည်။
တရုတ်သည် ယခုနှစ်မကုန်မီ မြို့အားလုံးတွင် အိမ်မှတ်ပုံတင်များအားလုံးကိုတစ်ပြေးညီဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)