အိမ်ခြံမြေ ဈေးကွက်ထဲမှာ ဝယ်သူအများစုက ဈေးကွက်အေးနေတာကို အကြောင်းပြုပြီး အောက်ဈေး တွေနဲ့ မတရားနှိုက်ထုတ်လာကြတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။
ဈေးကွက်ထဲမှာ အောက်ဈေးတွေနဲ့ အရောင်းအဝယ်ဖြစ်နေကြတာတွေ တချို့ရှိကြပေမဲ့ ဝယ်သူတွေက အောက်ဈေးထက်ကို ပိုပြီး မတန်မဆဈေးတွေနဲ့ နှိုက်ထုတ်လာကြတာ ဖြစ်တယ်။ ဥပမာ-သိန်း ၆၀၀ကျော် တန်ရှိတဲ့ တိုက်ခန်း လက်ရှိဈေးကွက်အခြေအနေအရ ဈေးအမှန်ကို သိန်း ၅၀၀ လောက်နဲ့ ရမလား၊ သိန်း ၅၀၀ အောက်နဲ့ လိုချင်တာ စတဲ့ အောက်ဈေးတန်းတွေနဲ့ ဈေးဆစ်ကြတာပါ။ ဝယ်သူကလည်း မရောင်း နိုင်၊ လိုက်ပြရတဲ့ အကျိုးဆောင်တွေလည်း နေရာအနှံ့ လိုက်ပြပြီး ပွဲမဖြစ်တာပဲ အဖက်တင်ကြရတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဇာမဏီအကျိုးဆောင်က ဦးကျော်စွာက “ဝယ်သူတွေက စပြီးလာကတည်းက ပေ ၄၀xပေ ၆၀ အကျယ်ကို သိန်း ၅၀၀ နဲ့ အောက် လိုချင်တယ်၊ သူတို့လိုချင်တဲ့ နေရာနဲ့ ဈေးက မပေါက်တဲ့ ဈေးလေ၊ အဲဒီလို အောက်ဈေးနဲ့ လိုက်နှိုက်နေကြတာတွေက နေဖို့ ဝယ်သူတွေထက် ငွေကြေးနိုင်သူတွေ များတယ်” လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ထဲမှာက အရောင်းအဝယ်အေးနေတယ် ဆိုပေမဲ့ ဈေးတွေကတော့ မကျပါဘူး။ တချို့ ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ လျှော့ဈေးနဲ့ ရောင်းရင်းဈေးကျသလို ဖြစ်နေတာလို့ ပြောပါတယ်။ မြို့တွင်း အဝယ်ကတော့ ပုံမှန်ဈေးကွက်အတိုင်းပဲ ရှိနေပြီး မြို့တွင်းနဲ့နီးတဲ့ မြို့တွေမှာတော့ တိုက်ခန်းဈေးတွေကို အရင်ဈေးတွေထက် ၃၀ ရာခိုင်နှုန်းဝန်းကျင်လောက် ဈေးလျှော့ရောင်းတာတွေ ရှိလာတယ်လို့ သိရပါတယ်။
ဆိပ်ကမ်းသာလမ်းက အကျိုးဆောင် ဦးအောင်ကျော်က “မြို့တွင်းပိုင်းကတော့ အရောင်းအဝယ်ဖြစ်တာ နည်းတယ်၊ သိန်း ၂၀၀ ဝန်းကျင် ၃၀၀ ဝန်းကျင်တွေကတော့ အဝယ်တချို့ရှိတယ်၊ ဈေးတွေကတော့ အဝယ်သမားတွေက ဈေးစပေးကတည်းက မတန်မဆဈေးတွေနဲ့ နှိမ့်ပြီးပေးတယ်၊ ပွဲက မဖြစ်ဘူး” လို့ ပြောပါတယ်။
Credit: The Modern