အမေရိကန်အမျိုးသားသရုပ်ဆောင် ဘရတ်ပစ်နှင့် တရားဝင်မကွာရှင်းရသေးသော်လည်း တစ်အိမ်တည်းအတူမနေတော့သည့် အမေရိကန်အမျိုးသမီးသရုပ်ဆောင် အိန်ဂျလီနာဂျိုလီသည် ဘရတ်ပစ်နှင့်အတူနေခဲ့သည့် အမေရိကန်ဒေါ်လာ ၁၂ သန်းတန် မလိဘူးအိမ်ကြီးမှ သားသမီး ၆ ဦးနှင့်အတူ နာမည်ကျော်အိမ်နီးချင်းများရှိသော ဟစ်ဒန်းဟေးလ်ရှိ ခြံ ၁ ခြံသို့ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။
အသက် ၄၁ နှစ်ရှိ ဂျိုလီသည် စတုရန်းပေ ၈,၀၀၀ ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ ၆ သန်းတန်သော ခြံကြီးကို ၁ လလျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။ ထိုအိမ်သည် အမေရိကန်ရုပ်သံအစီအစဉ် တင်ဆက်သူအကျာ်အမော် ကင်ကာဒစ်ရှန်နှင့် အမေရိကန်အမျိုးသားရက်ပ်အဆိုတော် ကာနေးဝက်စ်တို့စုံတွဲ၏
အိမ်မှ ခရီးမိုင် ၁ မိုင်သာ ကွာဝေးသည့်အပြင် အခြားကာဒစ်ရှန်မိသားစုများဖြစ်သည့် ခရစ်ဂျန်နာနှင့် ကိုင်လီဂျန်နာတို့၏ အိမ်များလည်း ရှိသည်။
ဂျိုလီ၏ အိမ်သစ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းနှင့် ၀ိုင်ဘား ၁ ခုတို့ ပါဝင်ပြီး ခြံထဲတွင်လည်း ရေကူးကန် ၂ ကန်နှင့် အပန်းဖြေတဲကြီး ၁ တဲ ပါဝင်သည်။
ဂျိုလီက အသက် ၅၂ နှစ်ရှိ ခင်ပွန်း ဘရတ်ပစ်နှင့် ကွာရှင်းခွင့်အတွက် တရားရုံးသို့ စက်တင်ဘာလ ၂၀ ရက်တွင် လျှောက်ထားခဲ့သည်။ အတူနေသက်တမ်း၁၂ နှစ်နှင့် အိမ်ထောင်သက် ၂ နှစ်ကြာမြင့်ပြီးနောက် လမ်းခွဲရခြင်း၏ အကြောင်းရင်းအား စေ့စပ်ညှိနှိုင်း၍မရသော သဘောထားကွဲလွဲမှုများကြောင့်ဟု ဂျိုလီက ပြောကြားထားသည်။
ဂျိုလီက မိသားစုကျန်းမာရေးအတွက် ယခုကဲ့သို့ဆုံဖြတ်ရခြင်းဖြစ်ကြောင်း ပြောကြားထားပြီး ကလေးများကို အုပ်ထိန်းခွင့်ကို တရားရုံးသို့ တောင်းခံထားသည်။ သူတို့ ၂ ဦးတွင် သားသမီး ၆ ဦးရှိပြီး ၃ ဦးက မွေးစားကလေးများဖြစ်ကာ ၃ ဦးက သူတို့ ၂ ဦး သားသမီးအရင်းများဖြစ်သည်။ ဂျိုလီက ကလေးစရိတ်နှင့် မယားစရိတ် ၂ ခုစလုံးကို မတောင်းဆိုထားပေ။
ဘရတ်ပစ်သည် ယခုစက်တင်ဘာလ ၁၄ ရက်က အိန်ဂျလီနာဂျိုလီနှင့် ၂ ဦးပိုင် ပုဂ္ဂလိကလေယာဉ်ပေါ်တွင် သူတို့၏ သားသမီးများအနက် ၁ ဦးအားအခြားသားသမီးများရှေ့တွင် ရုပ်ပိုင်းဆိုင်ရာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှုတ်ဖြင့်ပါ နှိပ်စက်ခဲ့သည်ဟု PEOPLE သာမက သတင်းဌာနအများအပြားက အလားတူသတင်းများဖော်ပြနေကြပြီး ယင်းသည် အိန်ဂျလီနာဂျိုလီက ကွာရှင်းခွင့်တောင်းရသည့် အကြောင်းရင်းများအနက် ၁ ခုဖြစ်သည်ဟုလည်း ဖော်ပြနေကြသည်။
သူတို့ ၂ ဦးစလုံးသည် ကွာရှင်းသည့် အတွေ့အကြုံရှိထားကြပြီးသူများ ဖြစ်သည်။ ဘရက်ပစ်က သရုပ်ဆောင် ဂျနီဖာအန်နစ္စတန်နှင့် ကွာရှင်းခဲ့ဖူးပြီး ဂျိုလီက အင်္ဂလန်အမျိုးသားသရုပ်ဆောင် ဂျွန်နီလီမင်လာနှင့် အမေရိကန်အမျိုးသားသရုပ်ဆောင် ဘီလီဘော့ဘ်သွန်တန်တို့နှင့် ကွာရှင်းခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)