ဗီယက်နမ်ထိပ်တန်း developer ဖြစ်သော Indochina Capital နှင့် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Kajima Corporation တို့ ပူးပေါင်းကာ လာမည့် ၁၀ နှစ်အတွင်း ဗီယက်နမ် အိမ်ခြံမြေဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံရန်အတွက် အင်ဒိုချိုင်းနား-ကာဂျီမာ ဖွံ့ဖြိုးရေးပူးပေါင်းအဖွဲ့ (ICC-Kajima) ကို ဖွဲ့စည်းလိုက်ကြကြောင်း ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းပူးပေါင်းမှုမှ ရင်းနှီးမြှုပ်နှံမှု အချိုးမှာ ၅၀း ၅၀ ဖြစ်ပြီး ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် ထင်ရှားသောစီမံကိန်းများစွာ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
Indochina Capital မှ အမှုဆောင်အရာရှိချုပ် ပီတာရိုက်ဒါ၏ ပြောကြားချက်အရ ICC-Kajima သည် ကနဦးတွင် လူနေအိမ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဟနွိုင်း၊ ဟိုချီမင်းမြို့တော်နှင့် ဒါနန်တို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟု ဆိုသည်။
လွန်ခဲ့သော ၆ လအတွင်း ယင်းကုမ္ပဏီ ၂ ခုသည် ဗီယက်နမ်တွင် အကောင်အထည်ဖော်ရန် ဖြစ်နိုင်ချေရှိသည့် စီမံကိန်းများကို လေ့လာခဲ့ကြပြီး လာမည့် ၁၂ လမှ ၁၅ လအတွင်း ပူးပေါင်းအဖွဲ့မှ စီမံကိန်း ၃ ခုမှ ၄ ခုအထိ စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းများမှာ ကန်ဒေါ်လာ သန်းပေါင်း ရာနှင့်ချီ၍ တန်ကြေးရှိမည်ဖြစ်ကြောင်းလည်း ပီတာရိုက်ဒါက ပြောကြားသည်။
ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Kajima Corporation မှ ပြည်ပဌာန အထွေထွေမန်နေဂျာ ကိုင်ဆူကီ ကိုရှိဂျိမက ပြောကြားရာတွင်ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် ဒေသတွင်းတွင် များစွာဖွံ့ဖြိုးရန် အလားအလာရှိသော ဈေးကွက်ဖြစ်သည်ဟု အများကခန့်မှန်းထားသည့် ဈေးကွက်ဖြစ်ကြောင်း ပြောကြားသည်။
Kajima Corporation သည် တန်စွန်နက် နိုင်ငံတကာလေဆိပ်အပါအ၀င် ဗီယက်နမ်တွင် စီမံကိန်းများစွာ အကောင်အထည်ဖော်ခဲ့ပြီးလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)