ပြည်တွင်းရှိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးနှင့် ထိုင်းနိုင်ငံမှ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှိုင်ဝင်းကပြောသည်။
‘‘ရင်းနှီးမြှုပ်နှံမှုက စင်ကာပူ ကအများဆုံးဖြစ်ပါတယ်။ အရေအတွက်အားဖြင့်ရော ငွေကြေးပမာဏအားဖြင့်ရောပေါ့။ ဒုတိယကတော့ ထိုင်းနိုင်ငံဖြစ်ပါတယ်။ တတိယကတော့ လောလောဆယ်ဗီယက်နမ်ပေါ့။ ဗီယက်နမ်က ၂၀၁၂မှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားဝင်လာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏအရကြည့်ရင် တတိယအများဆုံးဖြစ်နေပါတယ်။ နောက်ပြီးတော့ ဂျပန်ဖြစ်ပါတယ်’’ ဟု ဦးလှိုင်ဝင်းကပြောသည်။
အစိုးရသစ်လက်ထက်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၌ ပြည် ပရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန် ဖိတ်ခေါ်မှုများပြုလုပ် နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကပြောကြားသည်။
ပြည်တွင်းရှိ ဟိုတယ်နှင့်ခရီး သွားကဏ္ဍ၌ နိုင်ငံအလိုက်ရင်းနှီး မြှုပ်နှံမှုပမာဏများမှာ စင်ကာပူ နိုင်ငံက အမေရိကန်ဒေါ်လာ ၁၆၂၄သန်းကျော်၊ ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၄၄၅ သန်းကျော်နှင့် ဗီယက်နမ်နိုင်ငံကအမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများတွင်ဖော်ပြထားသည်။
ထို့အပြင် ဟောင်ကောင်က အမေရိကန် ဒေါ်လာသန်း ၁၈၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာသန်းတစ်ရာ၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ မလေးရှားနိုင်ငံ
က အမေရိကန်ဒေါ်လာ ၂၃သန်း ကျော်၊ ယူနိုက်တက်ကင်းဒမ်းက အမေရိကန် ဒေါ်လာ ၁၄ သန်း ကျော်၊ လူဇင်ဘတ်နိုင်ငံက အမေရိကန်ဒေါ်လာ ငါးသန်းကျော်နှင့် အာရပ်စော်ဘွားများပြည်ထောင် စု(UAE) က အမေရိကန်ဒေါ်လာ လေးသန်းကျော်တို့ ရင်းနှီးမြှုပ်နှံ ထားကြောင်း အဆိုပါစာရင်းများတွင်ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ မတိုင်မီက ခရီးသွား
လုပ်ငန်းဖွံ့ဖြိုးမှု နည်းပါးခြင်းကြောင့် ၂၀၁၁၌
ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံစီမံကိန်း ၃၆ခု၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာသန်း ၁,၁၀၀ ကျော်သာရှိရာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ခရီး သွားလာရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွံ့ ဖြိုးလာစေရန်စီမံချက်များထားရှိ လုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရှေ့ အလားအလာစာတမ်းတွင် ဖော်ပြထားသည်။
ထိုသို့ဆောင်ရွက်မှုကြောင့် ၂၀၁၁မှ ပြီးခဲ့သည့် ဇူလိုင်အထိ ဟိုတယ်၊ ခရီးသွားကဏ္ဍများ၌နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ခုရှိလာကာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာသန်း ၂၉၀၀ကျော်အထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း စာတမ်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ပကတိအခြေ အနေ အရပ်ရပ်ကို အခြေခံရေးဆွဲထားသော ပင်မစီမံကိန်းတွင် ၂၀၂၀ ၌ ခရီးသွားဧည့်သည် ၇ဒသမ ၄၉ သန်းကျော်ရှိကြောင်း သုံး သပ်ထားသော်လည်း လက်ရှိ အနေအထားအရ မကြာမီနှစ်အနည်းငယ်အတွင်း အဆိုပါ
အရေအတွက် ၀င်ရောက်မှုရှိလာနိုင်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
Credit: 7Daydaily