ကမ္ဘာ့အကြီးမားဆုံး အ၀တ်အထည်ဖက်ရှင်ကုမ္ပဏီ Inditex တည်ထောင်သူ၊ ဥရောပတွင် အချမ်းသာဆုံးပုဂ္ဂိုလ် အေမန်စီယို အော်တီဂါသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် နာမည်အကျော်ဆုံး မိုးမျှော်တိုက် ဆက်ပ်ဆာတာဝါအား အာရပ်သူကြွယ်များထံမှ ကန်ဒေါ်လာ ၅၅၁ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုခြေလှမ်းသည် စပိန်ဘီလျံနာအနေဖြင့် အိမ်ခြံမြေပိုင်ဆိုင်မှု အင်ပါယာတစ်ရပ်တည်ဆောက်ရန် မဟာဗျူဟာ၏ အခန်းကဏ္ဍတစ်ခုလည်း ဖြစ်လေသည်။
Inditex သည် စပိန်နိုင်ငံအနောက်မြောက်ပိုင်း အာတီဇိုဒေသတွင် အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်ပေါင်း ၉၁ ခုတွင် ဆိုင်ခွဲပေါင်း ၇၀၀၀ ကျော်ဖွင့်လှစ်ထားသည့် ကမ္ဘာ့အကြီးဆုံးဖက်ရှင်အုပ်စု ဖြစ်သည်။
အော်တီဂါသည် အဆိုပါမိုးမျှော်တိုက်ကို အဘူဒါဘီမှ သူကြွယ်ကြီး ခါဒမ် အယ်လ် ကူဘိုင်စီထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ဆက်ပ်ဆာတာဝါသည် မက်ဒရစ်မြို့မြောက်ပိုင်းတွင် မိုးကောင်းကင်မြင်ကွင်းအား လွှမ်းမိုးထားသည့် အဆောက်အအုံ ၄ ခုအနက် တစ်ခုအပါအ၀င် ဖြစ်သည်။
အော်တီဂါသည် လန်ဒန်ရှိ မေဖဲယားနှင့် အောက်စဖို့လမ်းတို့တွင်လည်း အိမ်ခြံမြေများစွာ ၀ယ်ယူထားခဲ့သည်။
ထို့အပြင် နယူးယောက်၊ မက်ဒရစ်နှင့် ဆိုးလ်မြို့တော်များတွင်လည်း အော်တီဂါ၏ ပိုင်ဆိုင်မှုများစွာ ရှိလေသည်။
အော်တီဂါသည် ၎င်းပိုင်ဆိုင်သည့် အဆောက်အအုံများစွာကို ပြန်လည်အငှားချထား၏။
ယခုနှစ်တွင် အသက် ၈၀ ပြည့်မည့် အော်တီဂါသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင်မှုဓန ကန်ဒေါ်လာ ၇၂ ဒသမ ၇ ဘီလီယံခန့်ရှိသည်ဟု ဖော့ဘ်မဂ္ဂဇင်းကြီးက ခန့်မှန်းထားသည်။
(မှတ်ချက်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်မှာ မိုက္ကရိုဆော့ဖ်ကော်ပိုရေးရှင်းတည်ထောင်သူ ဘီလ်ဂိတ်ဖြစ်သည်။)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)