အရှေ့အလယ်ပိုင်းရင်းနှီးမြှုပ်နှံသူတို့က လန်ဒန်ရှိ ဘီဘီစီ၏ ရုံးချုပ်အဖြစ်အသုံးပြုခဲ့သော အဆောက်အအုံကို ပေါင် ၉ သန်း (ကန်ဒေါ်လာ ၁၁ သန်း) ဖြင့် ၀ယ်ယူလိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ ရုံးချုပ်တည်ရှိရာမှာ လန်ဒန်မြို့အနောက်ပိုင်းတွင်ဖြစ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ပြီးနောက်ပိုင်းကတည်းက ယင်းအဆောက်အအုံကို ၀ယ်ယူရန် အရှေ့အလယ်ပိုင်းဝယ်လက်တို့က စိတ်ဝင်စားနေခဲ့ကြခြင်း ဖြစ်သည်။
ဒူဘိုင်း၊ ဂျော်ဒန်နှင့် ဆော်ဒီအာရေးဗီးယားတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ဘီဘီစီအသံလွှင့်ဌာန အဆောက်အအုံကို လူနေနှင့်ရုံးခန်း တွဲဖက်သုံး အဆောက်အအုံဖြစ် ပြောင်းလဲတည်ဆောက်မည်ဖြစ်ကာ လူနေအိမ်ခန်းပေါင်း ၉၅၀ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။
ယင်းစီမံကိန်းအတွင်း ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံတစ်ခုနှင့် ရုံးခန်းနေရာ စတုရန်းပေ ၄၀၀၀၀၀ ပါဝင်မည်ဖြစ်သည့်အပြင် အခန်း ၄၇ ခန်းပါ ဟိုတယ်တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။
စီမံကိန်း ပထမဆင့်အတွက် ပေါင် ၇၉၅ သန်း (ပေါင် ၁ ဒသမ ၄ ဘီလီယံ)ကုန်ကျမည်ဖြစ်ပြီး နေအိမ်ခန်းပေါင်း ၄၃၂ ခန်းပါဝင်မည်ဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။
နေအိမ်ခန်းဈေးနှုန်းများမှာ အိပ်ခန်းတစ်ခန်းပါ အခန်းအတွက် ပေါင် ၇၀၀၀၀၀ (ကန်ဒေါ်လာ ၉၁၉၅၂၀) မှ penthouse တစ်ခန်းလျှင် ပေါင် ၇ သန်း (ကန်ဒေါ်လာ ၉ ဒသမ ၁ သန်း) အထိ ကျသင့်ဖွယ်ရာရှိသည်။
ယင်းလူနေခန်းများကို ဒီဇိုင်းရေးဆွဲပေးသူမှာ စတာလင်ဆုရ ဗိသုကာအဖွဲ့ဖြစ်သော AHMM Architects မှ ဖြစ်ပြီး အတွင်းပိုင်း အပြင်အဆင်များကို လန်ဒန်အခြေစိုက် ဒီဇိုင်နာဖြစ်သော Suzy Hoodless မှ ရေးဆွဲပေးခြင်း ဖြစ်သည်။
ဘီဘီစီသည် ၎င်းတို့၏ ရုံးချုပ်ကို ၂၀၁၅ ခုနှစ်၊ ဧပြီလကတည်းကပင် နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး နာမည်ကျော် Studio 1 အပါအ၀င် ရုပ်သံစတူဒီယို ၃ ခု ပါဝင်ပြီး လာမည့် ၂၀၁၇ အစောပိုင်းတွင် ဖွင့်လှစ်ရန် ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)