ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုများ နှစ်စဉ်မြင့်တက်လျက်ရှိနေရာ အမေရိကန်အခြေစိုက် Marriott International က လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် ဟိုတယ် ၁၉ ခု ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Marriott International ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဌာနအကြီးအကဲ ရီဂင် တိုင်ကစ်ဆာဒါပွန်က ပြောကြားရာတွင် ထိုင်းနိုင်ငံ၌ ပြပွဲနှင့် အစည်းအဝေးဆိုင်ရာဈေးကွက် ကြီးထွားလာမှုကြောင့် ဧည့်သည်များအတွက် ဟိုတယ်ခန်းလိုအပ်ချက် မြင့်တက်လာမည်ဟု ခန့်မှန်းကြောင်း ပြောကြားသည်။
Marriott သည် ထိုင်း အစည်းအဝေးနှင့် ပြပွဲဗြူရို (TCEB)နှင့် အနီးကပ်လက်တွဲကာ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ ဆုပေးပွဲနှင့် ပြပွဲအခြေပြု ခရီးသွားလုပ်ငန်း ဈေးကွက် MICE market သည် နှစ်စဉ်ကြီးထွားမှုနှုန်းမည်မျှရှိသည်ဆိုခြင်းကို လေ့လာလျက်ရှိသည်။
ယခု ၂၀၁၆ အတွင်း ထိုင်းနိုင်ငံသို့ MICE ခရီးသည်ပေါင်း ၉၀၀၀၀၀ ခန့် ၀င်ရောက်လာဖွယ်ရှိကြောင်း TCEB က ဟောကိန်းထုတ်ထားသည်။
Marriott သည် လက်ရှိအားဖြင့် ထိုင်းနိုင်ငံတွင် ဟိုတယ်ပေါင်း ၃၉ ခု တည်ဆောက်လည်ပတ်လျက်ရှိသည့်အပြင် အိမ်ခြံမြေ ၂၁ ခုလည်း ပိုင်ဆိုင်ထားသည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံးဟိုတယ်အုပ်စုတစ်ခုဖြစ်သော Starwood Hotels & Resorts သည်လည်း ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာပြုလုပ်ထားရာ နိုင်ငံအတွင်းတွင် ကမ္ဘာ့အကြီးမားဆုံးဟိုတယ်အုပ်စုနှစ်ခု အားပြိုင်မှုများကို တွေ့မြင်လာရခြင်းလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)