အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ဆောက်လုပ်လျက်ရှိသည့် ဂျီပါ့စ်တာဝါသည် အဆက်မပြတ်ကွန်ကရစ်လောင်း ဆောက်လုပ်သည့် အဆောက်အအုံအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါတာဝါ၏ contractor မှာ Gulf Asia Contracting (GAC) ဖြစ်ပြီး ကွန်ကရစ် ကုဗမီတာပေါင်း ၁၉၇၉၃ အား ၄၂ နာရီဆက်တိုက် အဆက်မပြတ်သွန်းလောင်ခဲ့မှုဖြင့် ဂင်းနက်စ်စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်လေသည်။
အဆိုပါအဆောက်အအုံကို ဒူဘိုင်းငွေ သန်း ၆၀၀ (ကန်ဒေါ်လာ ၁၆၃ သန်း) အကုန်အကျခံဆောက်လုပ်ခြင်းဖြစ်ပြီး လူနေအဆောက်အအုံဖြစ်ကာ ပိုင်ဆိုင်သူမှာ Western International Group ဖြစ်သည်။
ယင်းအဆောက်အအုံဆောက်လုပ်ရာတွင် ကျွမ်းကျင်လုပ်သား ၆၀၀ ကျော် ပါဝင်သည်ဟု ဆိုသည်။
စီမံကိန်းအတွက် ကွန်ကရစ်တာဝန်ယူသည်မှာ Unibeton Ready Mix ဖြစ်ပြီး အတိုင်ပင်ခံအဖွဲ့မှာ Chawla Architectural and Consulting Engineers ဖြစ်သည်။
စီမံကိန်းအတွက် လိုအပ်သည့် ကွန်ကရစ်များကို ကွန်ကရစ်စက်ရုံ ၃ ခုနှင့်အထက်မှ ကားအခေါက်ရေ ၂၅၀၀ ကျော် သယ်ယူခဲ့ရသည်။
ကွန်ကရစ်လောင်းရာတွင် ပန့်ပေါင်း ၁၄ ခုတပ်ဆင်ကာ သွန်းလောင်းခဲ့ပြီး အရံ ပန့် ၅ ခု အသင့်အနေအထားဖြင့် ထားရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ယင်းအဆောက်အအုံတွင် စတီးတန်ချိန်ပေါင်း ၃၀၀၀ ကျော်အသုံးပြုထားသည်။
“ကျွန်တော်တို့ကို ဒီအလုပ်တာဝန်ပေးခဲ့တဲ့ Western International Group ကို ကျေးဇူးအများကြီးတင်ပါတယ်။
ဒီစီမံကိန်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကွန်ကရစ်အဆက်မပြတ်အများဆုံးသွန်းလောင်းနိုင်တဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ စီစဉ်ထားတဲ့အတိုင်း ပေးပို့နိုင်တဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဒါက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု Gulf Asia Contracting (GAC) မှ ဥက္ကဌ ဒေါက်တာ ရာဗီ ပီလိုင်းက ပြောကြားသည်။
ဂျီပါ့စ်တာဝါကို မြေနေရာအကျယ်အ၀န်း စတုရန်းပေ ၁ ဒသမ ၅ သန်းပေါ်တွင် ဆောက်လုပ်ထားပြီး လူနေခန်းပေါင်း ၆၈၄ ခန်းပါဝင်သည်။
အားကစားလေ့ကျင့်ရေးခန်းမတစ်ခု၊ ရေကူးကန်နှင့် ကားအစင်းရေ ၇၃၀ ရပ်နားရန် နေရာတို့ ပါဝင်သည်။
မြေအောက်ထပ်ကို ကားရပ်နားရန်အဖြစ် အသုံးပြုထားပြီး မြေညီထပ်တွင် ဧည့်ကြိုခန်းမ ထားရှိကာ လက်လီဈေးဆိုင်နေရာ စတုရန်းပေ ၄၀၀၀၀ ပါဝင်သည်။
လူနေအဖြစ် အထပ် ၁၉ ထပ် ပါဝင်ကာ လာမည့် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း အပြီးသတ်တည်ဆောက်နိုင်ရန် ရည်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)