ကာတာတွင် ၂၀၂၂ ကမ္ဘာ့ဖလားကျင်းပစဉ်ကာလအတွင်း၌ ပရိသတ်များ တည်းခိုနိုင်မည့် တဲစခန်းများကို အာရပ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လူနေအိမ်ခန်းနှင့် ဟိုတယ်ခန်းများမှာ ပမာဏတစ်ခုအထိသာ အကန့်အသတ်ရှိနေခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပရိသတ်ကျေးရွာသည် ဆော်ဒီအာရေးဗီးယားနယ်စပ်အနီးတွင် တည်ရှိပြီး သဲတောင်ကုန်းများအကြားတွင် ဆောက်လုပ်မည်ဖြစ်သည်။
အာရပ်ဟန် ယာယီတဲများအဖြစ် ဆောက်လုပ်မည်ဖြစ်ပြီး ပရိသတ် ၂၀၀၀ ဦးခန့် လက်ခံနိုင်မည်ဖြစ်ကြောင်း ကာတာ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီက ထုတ်ဖော်ပြောကြားသည်။
“ကာတာကိုလာရောက်လည်ပတ်သူတွေအနေနဲ့ ဘောလုံးပွဲကို နေထိုင်မှုပုံစံသစ်နဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်” ဟု အဆိုပါကော်မတီဝင်တစ်ဦးဖြစ်သူ အဗ္ဗဒူလာဇစ် အယ်လ် မော်လ၀ီက ပြောကြားသည်။
ကာတာ ကမ္ဘာ့ဖလားသို့ ပရိသတ်ပေါင်း ၅၀၀၀၀၀ ကျော်လာရောက်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး ဟိုတယ်များ၊ လူနေခန်းများတွင် တည်းခိုကြမည်ဖြစ်သည်။
ထို့အပြင် ဘောလုံးကွင်းများနှင့် နီးကပ်သော ယာယီတဲစခန်းများတွင်လည်း နေထိုင်နိုင်ကြောင်း အစောပိုင်းကတည်းကပင် ထုတ်ပြန်ထားခဲ့ဖူးသည်။
ကာတာသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပခွင့်ကို ၂၀၁၀ ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များအတွက် အခန်းပေါင်း ၅၅၀၀၀ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားဖူးသည်။
သို့ရာတွင် ကမ္ဘာ့ဖလားကာလအမီ အခန်းပေါင်း ၄၆၀၀၀ ခန့်သာ အသင့်ရှိနိုင်ဖွယ်ရှိသည်ဟု ကာတာအာဏာပိုင်တို့က ယခုနှစ်ဇန်န၀ါရီလအတွင်း ထုတ်ဖော်ဝန်ခံခဲ့ရာ ပရိသတ်များတည်းခိုနိုင်မည့် နေရာများ ထပ်မံပြင်ဆင်လာရခြင်းလည်း ဖြစ်သည်။
အချို့ပရိသတ်များမှာမူ ကာတာ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံတို့တွင် တည်းခိုကြဖွယ်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)