ဗဟိုဘဏ်ဟာ ပြည်တွင်းဘဏ်တွေကပေးနေတဲ့ဘဏ် အပ်ငွေအတိုးနှုန်းတွေလျှော့ချဖို့ ပြည်တွင်းဘဏ်တွေနဲ့ ဆွေးနွေးနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်အချို့ဆီက သိရပါတယ်။
သည်လထဲမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ပြည်တွင်းဘဏ်တွေကပေးတဲ့ နေ့စဉ်အတိုးနှုန်းကို လျှော့ချဖို့ဆွေးနွေးနေတယ်လို့ ကမ္ဘာ့ရတနာဘဏ်က Deputy Managing Director ဒေါက်တာလှညွန့်က ပြောပါတယ်။
ပြည်တွင်းဘဏ်တွေဟာ နေ့စဉ်ဘဏ်တိုးနှုန်း (call deposit) ကို ဘဏ်အပ်ငွေပေါ်မူ တည်ပြီး ကျပ်သိန်း ၁၀ဝ အောက်ဆို ဘယ်လောက် ကျပ်သိန်း ၁၀ဝ အထက်ဆို ဘယ်လောက်စသည်ဖြင့် ခြောက်ရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းအထိပေးနေကြ တာဖြစ်ပါတယ်။ ဘဏ်အချင်းချင်းယှဉ်ပြိုင်မှုတွေကစခဲ့တဲ့နေ့စဉ်ဘဏ်တိုးနှုန်းပေးတဲ့ စနစ်ဟာ ပြည်တွင်းဘဏ်တွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်တာကြောင့် အတိုးနှုန်းကို လေးရာခိုင်နှုန်းအထိလျှော့ချဖို့ မြန်မာနိုင်ငံဗဟိုဘဏ်က ဆွေးနွေးနေပြီး ဘယ်လောက် အထိလျှော့ချမယ်ဆိုတဲ့ အတည်ပြုချက်မထုတ်ပြန်ရသေးဘူးလို့ သိရပါတယ်။
အပ်ငွေအတိုးနှုန်းတွေလျှော့ချတာကြောင့် ဘဏ်တွေမှာအပ်ထားတဲ့အပ်ငွေတွေ စုပြုံထုတ်ရင် ပြည်တွင်းဘဏ်တွေပြိုလဲတာတွေဖြစ်နိုင်သလို သည်ငွေတွေက ဈေးကွက်ထဲဝင်ရောက်ပြီး ပြည်တွင်းက ရှေးရိုးစွဲရင်းနှီးမြှုပ်နှံ မှုတွေဖြစ်တဲ့ အိမ်ခြံမြေ၊ ရွှေနဲ့ ကားဈေးကွက်ထဲဝင်ရောက်လာနိုင်တယ်လို့ ထင်ကြေးပေးပြောဆိုမှုတွေလည်းရှိနေပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဗဟိုဘဏ် ရဲ့အတိုးနှုန်းလျှော့ချတာကို ကြိုဆိုဖို့သင့်ပါတယ်၊ အမေရိကားမှာလဲ ဒါမျိုးကစားပါတယ်၊ အခုမြန်မာနိုင်ငံမှာလဲ ဗဟိုဘဏ်ကကစားတာပါ၊ စီးပွားရေး တက်သင့်သလောက်မတက် တဲ့အခြေအနေမျိုးမှာ ဗဟိုဘဏ်က စီးပွားရေးတက်လာဖို့ အတိုးနှုန်းလျှော့ချပေးတာပါလို့ ပြောပါတယ်။
နိုင်ငံတကာမှာ ဘဏ်တိုးနှုန်းလျှော့ချတဲ့အခါမှာ ဘဏ်အပ်ငွေအတိုးနှုန်းတွေ အပြင် ဘဏ်ချေးငွေ အတိုးနှုန်းတွေပါ တစ်ပြိုင်တည်းလျှော့ချပေးလေ့ရှိပါတယ်။ ဗဟိုဘဏ်က စီးပွားရေးတိုးတက်မှုနှုန်း၊ စီးပွားရေးလုပ်ငန်း ရှင်တွေ လုပ်သာကိုင်သာရှိတဲ့အခြေအနေနဲ့ ပြည်တွင်းမှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းလာတဲ့အခါမျိုးတွေမှာတော့ ဘဏ်တိုးနှုန်း ပြန်မြှင့်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
ဘဏ်အတိုးနှုန်းလျှော့ချတာကြောင့် ပြည်တွင်းဘဏ်တွေ ပြိုလဲတာမျိုးမဖြစ်နိုင်ဘူးလို့ လည်းသိရပါတယ်။ ပြည်တွင်းဘဏ်တွေက အပေါင်ပစ္စည်းမပါဘဲငွေမချေးတာ၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်း အက်စ်အမ် အီးတွေကိုတော့ အပေါင်ပစ္စည်း မပါဘဲ ကျပ်သိန်း ၅၀ ချေးတာလောက်ပဲရှိတာကြောင့် ဘဏ်အပ်ငွေထုတ်တာကြောင့် ဘဏ်တွေ ပြိုလဲနိုင်ခြေမရှိဘူးလို့ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပါတယ်။
အပ်ငွေအပြင် ချေးငွေ ၁၃ ရာခိုင်နှုန်းပါလျှော့ချလိုက်ရင် ပြည်တွင်းမှာ စီးပွားရေး လုပ်ဖို့ ပိုမိုလွယ်ကူနိုင်ပြီး အိမ်ခြံမြေ၊ ရွှေနဲ့ ကားစတဲ့လုပ်ငန်းတွေကိုပဲ စုပြုံရင်းနှီးမြှုပ်နှံ တာတွေမဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။
ဘဏ်အပ်ငွေနှုန်းထား လျှော့ချတာတွေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်လေ့ ရှိသလို ပြည်တွင်းမှာကုန်ဈေးနှုန်းကြီးမြင့်တာ (ငွေကြေးဖောင်းပွမှု)ကိုလျှော့ချတဲ့အခါတွေမှာလည်း ဗဟိုဘဏ်တွေကလုပ်လေ့ရှိပါ တယ်။
လက်ရှိအစိုးရသစ် သက်တမ်း ငါးလတာအတွင်းမှာ ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းက ၁၂ ရာခိုင်နှုန်းရှိပါတယ်။ သည်ငွေကြေးဖောင်းပွမှုနှုန်းက ပြည်တွင်းဘဏ်မှာငွေအပ်ရင် ရတဲ့ဘဏ်တိုးနှုန်း ရှစ်ရာခိုင်နှုန်း ထက်လေးရာခိုင်နှုန်းများနေတယ်လို့သိရပါတယ်။
Credit: The Kumudra