တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပြီး The Revenant ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုသည် စက်တင်ဘာ ၂၁ ရက်နေ့ကပင် ပင်လယ်ကမ်းခြေရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၀ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ယခုအခါ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ထပ်မံ အရောင်းဈေးကွက် တင်လာရာ ရက်သတ္တပတ်အတွင်း ဒုတိယအကြိမ်မြောက် နေအိမ်ရောင်းချမှုလည်း ဖြစ်ကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့်နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိ စတူဒီယိုမြို့တော်အမည်ရှိ အရပ်တွင်တည်ရှိသည်။
အကျယ်အ၀န်း ၃၄၀၇ စတုရန်းပေရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်ကာ ၁၉၃၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
လီယိုနာဒိုသည် အဆိုပါနေအိမ်ကို အစ်ကိုဖြစ်သူ ရောဘတ်ဟာတီကာထံမှ ၂၀၁၄ ခုနှစ်၊ မတ်လအတွင်း ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၂ ဒသမ ၀၅ သန်း ပေးခဲ့ရသည်။
ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၉၅ သန်းဖြစ်သောကြောင့် ခေါ်ဈေးဖြင့်ရောင်းထွက်ပါက ဒေါ်လာ ၃ သိန်းကျော်မြတ်စွန်းမည် ဖြစ်သည်။
လီယိုနာဒိုသည် မာလီဘူးအရပ်ရှိ ပင်လယ်ကမ်းခြေနေအိမ်ကြီးကိုလည်း လွန်ခဲ့သော ၇ ရက်ခန့်က ရောင်းချခဲ့ရာတွင်လည်း မူလ၀ယ်ယူခဲ့သည့်ဈေးထက် ၇ ဆ ခန့် များပြားသော ခေါ်ဈေးဖြင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
မာလီဘူးနေအိမ်ကြီးအား အရောင်းဈေးကွက်တင်ခဲ့သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/518172 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
လီယိုနာဒို ဒီကာပရီယိုသည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် တန်ဖိုးကြီး ဇိမ်ခံကွန်ဒိုခန်း ၃ ခန်း ပိုင်ဆိုင်ထားသည်ဟူသော သတင်းများလည်းရှိပြီး နှစ်ခန်းမှာ နာမည်ကျော် ဂရင်းဝစ်ကျေးရွာတွင်ဖြစ်ပြီး ကျန်တစ်ခန်းမှာ ဘက်ထရီပါ့ခ်စီးတီးတွင် ဖြစ်သည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)