အနောက်ဥရောပတွင် အမြင့်မားဆုံးဖြစ်လာမည့် လူနေအဆောက်အအုံကြီးကို တရုတ် developer က ပေါင်သန်း ၈၀၀ (ကန်ဒေါ်လာ ၁၀၇၃ သန်း) သုံးစွဲကာ လန်ဒန်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
လက်ရှိအားဖြင့် ကမ္ဘာ့အမြင့်ဆုံးလူနေအဆောက်အအုံမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တည်ရှိသည့် 432 Park Avenue ဖြစ်ပြီး အမြင့်ပေ ၁၃၉၆ ပေရှိပြီး အထပ်ပေါင်း ၉၆ ထပ် ပါဝင်သည်။
အိန္ဒိယတွင်လည်း ၁၁၇ ထပ်အမြင့်ရှိမည့် အဆောက်အအုံကြီးတစ်လုံးကို ဆောက်လုပ်လျက်ရှိရာ အဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/490525 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
လန်ဒန်တွင်ဆောက်လုပ်မည့် လူနေအဆောက်အအုံကြီးကို တရုတ်ပြည်တွင် အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Greenland Group ကုမ္ပဏီက ဆောက်လုပ်မည်ဖြစ်သည်။
လန်ဒန်အရှေ့ပိုင်း၊ ဒေါက်က်လန်းအရပ်တွင် တည်ဆောက်မည့် အဆိုပါအဆောက်အအုံကြီးကို Spire London ဟု အမည်ပေးရန် ရည်ရွယ်ထားပြီး အမြင့် ၇၇၁ ပေရှိမည်ဖြစ်ကာ အခန်းပေါင်း ၈၆၁ ခန်းပါဝင်မည်ဖြစ်သည်။
လက်ရှိအားဖြင့် Spire London ကို စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
အိပ်ခန်းတစ်ခန်း၊ နှစ်ခန်းနှင့် သုံးခန်းပါ အခန်းအမျိုးမျိုးပါဝင်မည်ဖြစ်ပြီး လူနေခန်းတစ်ခန်းလျှင် ပေါင် ၅၉၅၀၀၀ မှ ပေါင် ၃ သန်းအကြား ကျသင့်ဖွယ်ရာရှိသည်။
“ဒီစီမံကိန်းဟာ Greenland Group ရဲ့ ဥရောပဇုန်အတွက် အရေးအပါဆုံး စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ လန်ဒန်သားတွေအတွက် နေအိမ်သစ်တွေ ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ် ” ဟု Greenland Group ၏ ဥက္ကဌဖြစ်သူ ယူလျံကျန်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)