ဒူဘိုင်းတွင် ကမ္ဘာ့အကြီးမားဆုံး မိုးလုံလေလုံ ကလေးကစားကွင်းကြီးဖွင့်လှစ်လိုက်ပြီး IMG Worlds of Adventure ဟု အမည်ပေးထားကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းကစားကွင်းကို Ilyas and Mustafa Galadari Group မှ အပြည့်အ၀ပိုင်ဆိုင်ပြီး IMG Worlds ကုမ္ပဏီက စီမံကွပ်ကဲမည် ဖြစ်သည်။
ယခုကစားကွင်းမှာ ဒူဘိုင်းတွင် ပထမဆုံးဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီကစားကွင်း ဖြစ်သည်။အကျယ်အ၀န်း စတုရန်းပေ ၁ ဒသမ ၅ သန်းရှိရာ ဘောလုံးကွင်း ၂၈ ကွင်းစာနှင့် ညီမျှသည့်အကျယ်အ၀န်းဖြစ်သည်။
ကစားကွင်းအတွင်း ရိုလာကိုစတာအများအပြားပါဝင်မည်ဖြစ်ပြီး အစားအသောက်အဖျော်ယမကာအရောင်းဆိုင် ၂၈ ခုနှင့် လက်လီအရောင်းဆိုင် ၂၅ ခုတို့ ပါဝင်မည် ဖြစ်သည်။
“IMG Worlds of Adventure ကိုဖွင့်လှစ်လိုက်တာဟာ ကလေးဘ၀က အိပ်မက်တွေကို တကယ်ဖြစ်လာစေတာပဲ ဖြစ်ပါတယ်” ဟု Ilyas & Mustafa Galadari Group ပူးတွဲဥက္ကဌက ပြောကြားသည်။
အဆိုပါကစားကွင်းသည် အာရပ်စော်ဘွားများပြည်ထောင်စုကို ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေအချက်အခြာဖြစ်လာစေရန် ရည်မှန်းထားချက်အရ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
“ကမ္ဘာ့အကြီးမားဆုံး မိုးလုံလေလုံကစားကွင်းကို ဒီနေ့ဖွင့်လှစ်လိုက်ရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ဒူဘိုင်းအတွက် ဒေသတွင်းနဲ့ ကမ္ဘာတစ်လွှားက ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်စေဖို့ အဓိက စွဲဆောင်မှုတစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။ ကစားကွင်းဖွင့်ပြီး ပထမတစ်နှစ်တာအတွင်း လာရောက်လည်ပတ်သူ ၄ ဒသမ ၅ သန်းရှိမယ်လို့ မျှော်လင့်ထားပါတယ်” ဟု IMG Worlds of Adventure မှ အမှုဆောင်အရာရှိချုပ် လင်းနဒ် အော့တိုက ပြောကြားသည်။
ကစားကွင်းဝင်ကြေးမှာ လူကြီးတစ်ဦးလျှင် ဒူဘိုင်းငွေ ၃၀၀ (မြန်မာငွေ ၉၈၀၀၀ ခန့်) နှင့် ကလေးတစ်ဦးလျှင် ၂၅၀ (မြန်မာငွေ ၈၂၀၀၀ ခန့်) သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံးစာ ၀င်ခွင့်လက်မှတ်ကို ဒူဘိုင်းငွေ ၂၄၉၅ (မြန်မာငွေ၈၂၀၀၀၀ခန့်) ဖြင့် ရောင်းချပေးလျက်ရှိပြီ
ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)