ရှန်ဟိုင်း၏ မြင့်တက်နေသော အိမ်ခြံမြေဈေးကွက်ကို တည်ငြိမ်စေရန် မူဝါဒများထပ်မံတင်းကျပ်မည်ဟု ထွက်ရှိနေသောသတင်းများသည် ကောလာဟလများ
သာဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေနှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်က
သြဂုတ်လ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
"ပထမအကြိမ်အိမ်ဝယ်ယူသူတွေနဲ့ ဒုတိယအကြိမ်ဝယ်ယူသူများ ပေးချေရမယ့် ပထမအရစ်ကိုရာခိုင်နှုန်း ထပ်မံတိုးမြှင့်ဖို့ လိုမျိုး အခုထွက်ရှိနေတဲ့မူဝါဒရေးရာမှန်းဆချက်တွေကို ကော်မရှင်က ဆွေးနွေးနေခြင်း လုံးဝကို မရှိပါဘူး။ ရှန်ဟိုင်းမှာ အိမ်ခြံမြေအရောင်းအ၀ယ်တည်ငြိမ်ဖို့လက်ရှိစည်းမျဉ်းတွေအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ကော်မရှင်က ၎င်းတို့၏Wechat အကောင့်မှတစ်ဆင့် ကြေညာခဲ့သည်။
ရှန်ဟိုင်းတွင် ပထမအကြိမ်အိမ်ဝယ်ယူသူများအတွက် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ပထမအရစ်လက်ငင်းပေးချေရမည်ဖြစ်ပြီး ဒုတိယအကြိမ်အိမ်ဝယ်ယူသူများအတွက် ယင်းအိမ်သည်သာမန်အဆင့်မဟုတ်ပါက အနိမ့်ဆုံးလက်ငင်းပေးချေရသည့် ပထမအရစ်ကို အိမ်တန်ဖိုး၏ရာခိုင်နှုန်း ၇၀ သို့မဟုတ် ယင်းအိမ်သည် သာမန်အဆင့်သာရှိပါက ရာခိုင်နှုန်း ၅၀ ပေးချေရန်လက်ရှိမူဝါဒအရ သတ်မှတ်ထားသည်။
ပထမအကြိမ်အိမ်ဝယ်ယူသူများအတွက် ပထမအရစ်လက်ငင်းပေးချေရမည့် ရာခိုင်နှုန်းကို ၅၀ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ပြီး ဒုတိယအကြိမ်ဝယ်ယူသူများအတွက် ၇၀ ရာခိုင်နှုန်းသို့တိုးမြှင့်တော့မည်ဟု သတင်းများထွက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုကောလာဟလများကြောင့် ရှန်ဟိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ်က အိမ်သစ်များ ရောင်းအားကောင်းခဲ့ပြီး အိမ်ခြံမြေဈေးကွက်လှုပ်ခတ်ခဲ့သည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ ရှန်ဟိုင်းတွင် သြဂုတ်လ ၂၈ ရက်က ကုန်ဆုံးခဲ့သောပြီးခဲ့သည့် သီတင်းပတ်က ရောင်းချရသည့် အိမ်သစ်ဧရိယာသည် ၅၅၅,၇၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းနှုန်းက ၅လတာအတွင်း ထိုသီတင်းပတ်ကို အမြင့်ဆုံးဖြစ်ကြောင်း Shanghai Homelink အိမ်ခြံမြေအေဂျင်စီကုမ္ပဏီက သြဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အိမ်သစ်ပျမ်းမျှရောင်းဈေးသည် ၁ စတုရန်းမီတာလျှင် ၄၃,၅၇၁ ယွမ်(၆,၅၁၁ အမေရိကန်ဒေါ်လာ) ရှိခဲ့သည်။ ယင်းမတိုင်မီ သီတင်းပတ်က ၁ စတုရန်းမီတာလျှင် ၄၁,၂၅၉ ယွမ်(၆,၁၈၀ အမေရိကန်ဒေါ်လာ) ပျမ်းမျှ ဈေးနှုန်းဖြင့် ရောင်းချခဲ့ရ
သည်ဖြစ်ရာ ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)