အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မန်ဟက်တန်အရပ်တွင် သီလရှင်များပိုင်ဆိုင်သည့် ခြံနေရာ ၂ ခုပေါင်း ဆောက်လုပ်ထားသည့် နေအိမ်ကြီး ကန်ဒေါ်လာ ၁၈ ဒသမ ၈ သန်းဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေဈေးကွက်တွင် သတင်းရရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းနေအိမ်ကြီးကို ဂရိရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အရှေ့ ၁၅ လမ်း၊ အမှတ် ၂၃၆ နှင့် ၂၃၈ တို့ဖြစ်ကြသည်။
၁၈၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး “သန့်ရှင်းသော မယ်တော်မာရီနှလုံးသား သာသနာပြုစစ္စတာများအသင်း” က အဆိုပါအဆောက်အအုံကြီးကို ၁၉၄၀ ပြည့်လွန်နှစ်များတွင် လက်ခံရရှိခဲ့ကြခြင်း ဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် လီဆာကိုဘီယိုကီက ပြောကြားသည်။
မူလက ခြံနေရာတစ်ကွက်စီတွင် နေအိမ်တစ်လုံးစီဖြစ်ပြီး နောက်ပိုင်းတွင် ခြံနှစ်ကွက်ပေါင်းကာ နေအိမ်တစ်လုံးတည်းအဖြစ် ပြောင်းလဲ တည်ဆောက်ခဲ့သည်။
မျက်နှာစာ ၅၂ ပေ အကျယ်အ၀န်းရှိပြီး ကြမ်းခင်းဧရိယာ ၁၈၇၂၀ စတုရန်းပေရှိသည်။
နေအိမ်ကြီးအတွင်း အိပ်ခန်း ၂၀ နှင့် ရေချိုးခန်း ၂၀ အထိ ပါဝင်ပြီး ခြံဝန်းအတွင်း ပန်းဥယျာဉ်တစ်ခု ပါဝင်သည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ယင်းအဆောက်အအုံကြီးရှိ အခန်းများကို ငှားရမ်းခြင်းများ စတင်ပြုလုပ်လာခဲ့ပြီး ယခုနှစ်ဇွန်လတွင်မူ အဆိုပါ အဆောက်အအုံတွင်နေထိုင်သည့် စစ္စတာတစ်ဦးသာ ရှိတော့သောကြောင့် အဆောက်အအုံကို ရောင်းထုတ်ရန် အမိန့်ထုတ်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့် ဇွန်လအတွင်းက ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်သို့ တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ပေ။
ယခုဝယ်ယူလိုက်သူက အခန်းတစ်ခန်းတွင် ကိုယ်တိုင်နေထိုင်မည်ဖြစ်ပြီး အခြားအခန်းများကိုမူ ၀င်ငွေရရန်အတွက် ကျောင်းသားများအတွက် အဆောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်ဟု ဆိုသည်။
ရောင်းချရငွေမှ အချို့ကို လက်ရှိနေထိုင်သည့် သီလရှင်အား ပြန်လည်နေရာချထားပေးရန်အတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်ငွေအားလုံးကို ကမ္ဘာတစ်ဝန်းရှိ သာသနာပြုအဖွဲ့များသို့ လှူဒါန်းသွားမည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)