မြန်မာဆောက်လုပ်ရေးနည်းနာများတွင် ရှေးယခင် မြန်မာ
အိမ် ပုံစံများသာ ဆောက်လုပ်ခဲ့စဉ်က ၀ရန်တာဟူသောအစိတ်အ ပိုင်း ပါဝင်ခြင်းမရှိသေး။ ကိုလိုနီခေတ်ရောက်ခါမှ နိုင်ငံခြား သားတို့နေထိုင်သော အိမ်ရာများကို မြန်မာဆောက်လုပ်ရေး ပညာရှင်တို့က နေထိုင်သူနိုင်ငံခြားသားများညွှန်ကြားသည့်အတိုင်း ဆောက်လုပ်ပေးရာမှ ၀ရန်တာဟူသောအိမ်အစိတ်အ ပိုင်းနှင့်ပတ်သက်၍ မျက်စိပွင့်လာကြသည်။
အကယ်စင်စစ် ၀ရန်တာဟူသော ကတ်သီးကတ်သတ်အစိတ်အပိုင်းကို မြန်မာဆောက်လုပ်ရေးပညာရှင်တို့ လုံးဝမသိသည်တော့ မဟုတ်။ ၀ရန်တာထက်အဆပေါင်းများစွာပမာဏကျယ်သော လသာဆောင်၊ဆင်ဝင်ဆောင်၊ဆင်ဝင်လသာဆောင်၊
ကောင်းကင်ကပြင်စသည်တို့ကို မြန်မာဘုရင်များလက်ထက် ကတည်းက ဖွတ်ဖွတ်ညက်ညက်ကြေအောင် တည်ဆောက်လာခဲ့ဖူးပြီးသား၊တပည့်သားမြေး နောက်လိုက်နောက်ပါ ဆောက်လုပ်ရေးမျိုးဆက်များကို ပညာအမွေလက်ဆင့်ကမ်း မျှဝေခဲ့ပြီးသားဖြစ်သည်။
ဝရန်တာဆိုသည်က ရှေးရိုးမြန်မာရိုးရာအိမ်များအဖို့ ဘုံမ၀င် ဆုံမ၀င်မျှသောအကျယ်အ၀န်းပမာဏလောက်သာဖြစ်၏။
ခြံနှင့်ဝင်းနှင့်သီးခြားလွတ်လပ်စွာနေတတ်သော မြန်မာတို့အ ဖို့ ၀ရန်တာထည့်ရန်မလို။ တတ်နိုင်သူတို့ကမူ ၀ရန်တာနှင့် မနှိုင်းအပ်စွာ တပြန့်တပြောကျယ်သည့် လသာဆောင် ထည့် သွင်းဆောက်လုပ်ကြသည်။ သို့သော် အခန်းများစွာစုဖွဲ့တည် ရှိနေသည့် မြို့ပြတိုက်တန်းများအတွက်တော့ ၀ရန်တာ ဆို သည်က မရှိမဖြစ်ပါဝင်ရမည့် တိုက်ခန်းအစိတ်အပိုင်းတစ် ရပ်။ အဘယ်ကြောင့်ဟူမူ မြို့ပြတိုက်ခန်းဆိုသည်က ဘေးတစ်ဖက်တစ်ချက် အင်္ဂတေသားအပိတ်တွေချည်း။ ပြင်ပလောကသို့ လှမ်းမျှော်ကြည့်ချင်သည့်တိုင်အောင် စိတ် နောက်သို့ ကိုယ်မပါနိုင်သည့်အနေအထား။ သည်တော့ ပြင်ပ လောကကို မြင်ကွင်းဆန့်ကြည့်နိုင်မည့် အရပ်မျက်နှာက အိမ် ရှေ့နှင့် အိမ်နောက်သာရှိသည်။
အိမ်နောက်ဖေးဘက်က ကျောချင်းကိုက်တိုက်ခန်းများ၏ နောက်ကျောဘက်မြင်ကွင်း မို့ ရေဆင်းပိုက်တွေ၊ မိလ္လာပိုက်တွေ အစီအရီခင်းကျင်းထား ရာဖြစ်သည့်အတွက် မျက်စိပသာဒဖြစ်ဖွယ်မရှိ။ အခန့်မသင့် လျှင် နောက်ဖေးတိုက်မှ ရေဆင်းပိုက်များ ကွဲအက်ယိုစိမ့်မှု ဖြစ်နေပါက ရေဆိုးတို့၏စီးဆင်းမှုကို နှလုံးနောက်ကျိဖွယ် ရှုစားရနိုင်သည်။ အဲ . . . ကွဲအက်ယိုစိမ့်မှုဖြစ်သည့်ပိုက်သည် မိလ္လာပိုက်သာဖြစ်နေလျှင်မူကား မတွေးဝံ့စရာ။
အိမ်ရှေ့မျက်နှာစာကတော့ ထိုသို့သောအနိဋ္ဌာရုံများနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်စွာ။ အိမ်အောက်တည့်တည့်သို့ ငုံ့ကြည့်၍လည်းရ၏။ လမ်းထိပ်ဝဲယာနှစ်ဖက်သို့လည်း မျှော် ကြည့်၍ရ၏။ ရှေ့တူရူမှတိုက်ဆိုသည်ကလည်း နောက်ဖေး ဘက်မှတိုက်များလို နီးကပ်စွာတည်နေသည်မဟုတ်။ အနည်း ဆုံးတော့ မော်တော်ကားနှစ်စီးစာကျယ်ဝန်းသော ကတ္တရာလမ်း ခြားထားသေး၏။ ပြီးတော့ အိမ်ရှေ့ခန်းမြင်ကွင်းဖြစ် သည့်အားလျော်စွာ စိတ်နှလုံးနောက်ကျိဖွယ်အခင်းအကျင်း တို့ ကင်းပစမြဲ။ ပြီးတော့ ၀ရန်တာဆိုသည်က တိုက်ခန်းတစ် ခန်းတွင် အလျင်ဆုံးမြင်တွေ့နိုင်စွမ်းရှိသောအစိတ်အပိုင်း။ လမ်းထဲချိုးကွေ့ဝင်၍ အပေါ်မော့ကြည့်လိုက်သည်နှင့် အစီအရီတန်းလျက်တည်နေသော ၀ရန်တာများသည်သာ အ မြင်အာရုံထဲသို့ ဦးစွာဝင်လာမြဲ။ သည်တော့ တိုက်ဆောက်သူ ဆောက်လုပ်ရေးပညာရှင်များအနေဖြင့် ၀ရန်တာကို မြို့ပြ အိမ်ရာများ၏အမှတ်သင်္ကေတအဖြစ် အထူးတလည်ထည့် သွင်းဆောက်လုပ်ရန် ၀ါယမပြုလာကြတော့သည်။
သည်နေရာမှာ ဆောက်လုပ်သူနှင့် တိုက်ခန်းပုံစံထုတ်သူ ဆောက်လုပ်ရေးပညာရှင်တို့၏ စိတ်ကူးဉာဏ်ကွန့်မြူးမှုအတိမ်အနက်က ရှေ့တန်းရောက်လာတော့၏။ဝရန်တာ၏အရင်းခံအကျဆုံးတည်ဆောက်မှုကတော့ တံခါးမကြီး၊ ပြ တင်းပေါက်နှင့် အကာပိတ်တို့ကို အခန်းနယ်နိမိတ်အစပ်မှ စတင်ခြင်းမဟုတ်ဘဲ အခန်းနယ်နိမိတ်အစပ်မှ ပေအနည်း ငယ် နောက်ဆုတ်ကာ ဆောက်လုပ်ပြီး ချန်ထားသောနေရာ လပ်ကို ရင်ခေါင်းခန့်အမြင့်အကာဖြင့် အဆီးအတားလုပ်ပေး ထားခြင်းသာဖြစ်သည်။ ရင်ခေါင်းခန့်ရှိသော ၀ရန်တာအကာ ကို အပိတ်လုပ်ထားသည့်ဝရန်တာမျိုးတော့မရှိ။ အနည်းဆုံး တော့ သစ်သားချောင်းတန်းပစ်ကာ သစ်သားချောင်းများစိုက် ၍ဖြစ်စေ၊ သံတိုင်များစိုက်၍ဖြစ်စေ အရံအတားလုပ်ထားကြ သည်။ အပြင်သို့ အားလွန်ကျမသွားစေရန် အရံအတားလုပ် ထားသောအနေအထားဖြစ်သည်။ ပြင်မှတိုက်ခတ်သော လေ ပြည် တိုက်ခတ်ဆော်သွေးနိုင်ရန် အလုံပိတ်လုပ်လေ့မရှိ။
တတ်နိုင်သည့်တိုက်ရှင်ကတော့ ၀ရန်တာအရံအတားကို အင်္ဂ တေဖြင့် အခိုင်အမာလုပ်ပေးသည်။ အင်္ဂတေဖြင့်ပြုလုပ်ရာ တွင်လည်း အလုံပိတ်မဟုတ်ဘဲ လေ၀င်ပေါက်များထည့်သွင်း ဆောက်လုပ်သည်။ လေ၀င်ပေါက်ဒီဇိုင်းဖန်တီးရာတွင်တော့ ပုံစံထုတ်သူ၏စိတ်ကူးဉာဏ်ကွန့်မြူးမှုအတိမ်အနက်ပေါ် မူတည်ကာ လက်ရာများကွဲလွဲသွားကြသည်။ အလျားလိုက် တည်သော လေ၀င်ပေါက်များကို ဆင့်ကာဆင့်ကာထပ်သွား သည့် ရိုးရိုးရှင်းရှင်းအပိတ်ပုံသဏ္ဌာန်မှသည် ပွတ်လုံးတိုင်များစီရရီစိုက်ထောင်ထားသည့်ပုံသဏ္ဌာန်မျိုးများအထိ စိတ်ကူး ကွန်ရက် ဖြန့်ကြက်နိုင်သမျှဖြန့်ကြက်ခြင်းဖြင့် ၀ရန်တာအလှ ကြွလာအောင်ဖန်တီးရင်း တိုက်ခန်း၏ကျက်သရေကို ဖော် ဆောင်ကြသည်။ အချို့ဆောက်လုပ်သူများဆိုလျှင် ကြွေသား ပွတ်လုံးတိုင်များ တကူးတကသွန်းလောင်းကာ အပေါ်-အောက် အင်္ဂတေသားများနှင့်အသေမံပြီး အစီအရီ စိုက် ထောင်ထားလိုက်သည်။ ကြွေသားပွတ်လုံးသွန်းလောင်းစဉ်ကတည်းကအရောင်များစိတ်ကြိုက်စပ်ကာသွန်းလောင်းခြင်း ဖြစ်သည့်အတွက် ကြွေသား၏ပြောင်ဝင်းမှုရော၊ အရောင်အ သွေး၏ရွန်းစိုမှုရော ပေါင်းစပ်လျက် ရှုမငြီးဖွယ်ဝရန်တာဒီဇိုင်း ကို ဖော်ဆောင်နိုင်ခဲ့သည်။
ဝရန်တာဒီဇိုင်းကို စိတ်ကူးဉာဏ်ဖြန့်ကြက်နိုင်စွမ်းရှိလျှင် ရှိသ လို စိတ်ကြိုက်ခြယ်မှုန်းခွင့်ရှိသည်ကတော့ လမ်းကျယ်များအ တွင်းမှတိုက်ခန်းများပင်ဖြစ်သည်။ ရန်ကုန်မြို့ကွက်ကို အင် ဂျင်နီယာဖရေဇာ စတင်အကွက်ချကတည်းက လမ်းမကြီး များကိုဖြတ်သန်းသော လမ်းသွယ်များ သတ်မှတ်ရာတွင် လမ်းကျဉ်းနှစ်လမ်းလျှင် လမ်းကျယ်တစ်လမ်းနှုန်း ပုံစံချသတ် မှတ်ခဲ့သည်။ နေရေးထိုင်ရေးအတွက်သာမက မော်တော် ကားများ သွားလာမောင်းနှင်ရေးအတွက်ပါ ထည့်သွင်းစဉ်း စားတွက်ချက်ပြီး ယင်းသို့ပုံစံချခဲ့ခြင်းဖြစ်သည်။ သာမန်လမ်း ကျဉ်းတစ်လမ်းသည် ကားတစ်စီးသွားနိုင်ရန် တစ်လမ်း မောင်းလမ်းအဖြစ် စီစဉ်ထားသည်။ လမ်းကျယ်များမှာမူ အစုန်-အဆန် နှစ်လမ်းမောင်းနိုင်သောလမ်းများဖြစ်သည်။ လမ်းကျယ်သည့်အတွက် လမ်းထဲမှမြေကွက်များကိုလည်း ပမာဏကျယ်ကျယ်ခွဲစိတ်ပိုင်းဖြတ်ကာ ရောင်းချသည်။ လမ်းကျဉ်းများထဲမှမြေကွက်များထက် ပမာဏလည်းကျယ် သည်။ တန်ဖိုးလည်းများသည်။ သည်တော့ လမ်းကျယ်မြေ ကွက်များတွင်ဆောက်ထားသော တိုက်များမှ တိုက်ခန်းများ သည် လမ်းကျဉ်းမြေကွက်များတွင်ဆောက်ထားသော တိုက် များမှ တိုက်ခန်းများထက် ကျယ်ပြောသည်။
လမ်းကျဉ်းတိုက်ခန်းများမှာ အလျား ပေ ၄၀ သို့မဟုတ် ၅၀ ရှိသည်။လမ်းကျဉ်းချင်းကျောကပ်ထားသောတိုက်ခန်းများက ပေ ၅၀ ရှိပြီးလမ်းကျယ်ကိုကျောကပ်ထားသောတိုက်ခန်းတို့ က ပေ ၄၀ ရှိသည်။ လမ်းကျယ်တိုက်ခန်းများမှာမူ ပေ ၆၀ တင်းပြည့်ကျပ်ပြည့်ရှိသည်။ ထို့ပြင် မြေအကျယ်ကိုလည်း အလျားနှင့်လိုက်ဖက်ညီစွာ ပိုပိုလျှံလျှံသတ်မှတ်ပေးထားသ ဖြင့် လမ်းကျယ်များမှတိုက်ခန်းများသည် လမ်းကျဉ်းများမှ တိုက်ခန်းများထက် ကျယ်ကျယ်လွင့်လွင့်ရှိသည်။ ထိုအခါ လမ်းကျယ်တိုက်ခန်းများကိုဆောက်လုပ်ရသူတို့ စိတ်ကူး ဉာဏ် ပိုကွန့်မြူးခွင့်ရသည်။ ၀ရန်တာဧရိယာကို ကတ်ကတ် သတ်သတ် ခြစ်ခြုတ်ယူစရာမလိုဘဲ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ယူနိုင်သည်။ ၀ရန်တာမျက်နှာကြက်၌ လည်း အလင်းရောင်ရရုံ သာမန်မီးပွင့်လောက်သာမဟုတ်ဘဲ မီးလုံးပဒေသာများဖြင့် မျက်စိပသာဒဖြစ်အောင် အလှဆင် လာနိုင်ကြသည်။
ကျယ်သောနေရာများက အကျယ်ကိုအားပြု၍ မွမ်းမံခြယ်သ သလို ကျဉ်းသောနေရာများကလည်း ရတန်သလောက်သော အကျယ်အ၀န်းပေါ်မူတည်လျက် စိတ်ကူးဉာဏ်ကွန့်မြူးကာ ၀ရန်တာအလှဆင်ကြပြန်သည်။ ၀ရန်တာကို အိမ်ရှေ့ပိုင်းနံရံ နှင့် မျဉ်းတစ်ပြေးတည်း ၁၈၀ ဒီဂရီ ဆောက်လုပ်မည့်အစား စက်ဝိုင်းခြမ်းပုံသဏ္ဌာန်အကွေးအ၀ိုက်ဖန်တီးလိုက်ခြင်းဖြင့် အကျယ်အ၀န်းခြောက်လက်မခန့်ပိုထွက်လာနိုင်သလို အမြင်အားဖြင့် ပျောင်းနွဲ့ညွတ်တိမ်းမှုဖြစ်သွားသဖြင့်
နူးညံ့ပြေပြစ် သော ရသကို ခံစားရနိုင်သည်။ ဗိသုကာအမြင်အားဖြင့်လည်း မျဉ်းကွေးကိုအခြေပြုတည်ဆောက်ခြင်းဖြစ်၍ အမြင်တင့် တယ်မှုရရှိသလို မျဉ်းကွေးအခြေခံဖော်ဆောင်ဆောက်လုပ် ထားသည့် ၀ရန်တာပုံစံတွင် ကနုတ်နွယ်သံပန်းအလှများဖြင့် အားဖြည့်ထောက်ကူကာ ဆောက်လုပ်ရေးဒီဇိုင်းကိုပံ့ပိုးပေး နိုင်သေးသည်။
မြို့ပြ၏အသွင်သဏ္ဌာန်သည် တစ်စတစ်စကျဉ်းကျပ်လာ သည်။ ကျဉ်းကျပ်မှုကို ရှောင်လွှဲဖယ်ရှား၍လည်း ရသည်မ ဟုတ်။ အကျဉ်းအကျပ်များကြားထဲမှာပင် နေပျော်အောင် ကြံ ဖန်၍ စီမံဖန်တီးမှုများပြုရသည်။ ယင်းသို့ဖန်တီးရာတွင် ကျဉ်း သည်ကို သိပ်မကျဉ်းဟုမှတ်ယူနိုင်ရန် ဟုတ်ယောင်ထင်မှုသ ဘောတရားကို အသုံးချကွန့်မြူးခြင်းသည်ကား ဆောက်လုပ် ရေးပညာရှင်များ၏ သမိုင်းပေးတာဝန်ပင် ဖြစ်တော့သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com