ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို ၂၀၁၇ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မယ့် သတင်းကြောင့် ဒလအိမ်ခြံမြေ မြေဈေးကွက် လှုပ်ခတ်မှုတွေရှိလာပြီး အတက်ဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။
မြစ်ကူးတံတား စီမံကိန်းကြောင့် ဒလဘက်မြေဈေးတွေက ၃၀ရာခိုင်နှုန်းလောက် ဈေးတတ်သွားပြီး ပွဲဆူခဲ့တာပါ။တံတားတည်ဆောက်မယ့် ကမာကဆစ်ကျောက်တိုင် လမ်းမတန်းနေရာကောင်းတွေဆို တစ်ကွက်ကို ကျပ်သိန်း ၃၀၀၀အထိ ခေါ်ဈေးရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က ‘အရောင်းအဝယ်ကတော့ အရင်ကတိုင်းပါပဲ၊ အရင်ကဆို စီမံကိန်းရပ်သွားမလား စိုးရိမ်ကြတာမျိုးတွေ ရှိတယ်၊ စီမံကိန်း သေချာနေတာကြောင့် နေရာကောင်းတွေ၊ စီးပွားရေးလုပ်ကိုင်ဖို့အတွက် ဝယ်ထားသူတွေကတော့ တံတားပြီးစီးမယ့် အချိန်အထိ စောင့်နေကြတာပါ၊ အခုကျတော့ လုပ်ငန်းစမယ်ဆိုပြီး သေချာတဲ့ အခြေအနေဆိုတော့ အကုန်လုံးက ကြိုက်ဈေးရရင် ရောင်းတယ်၊ ဈေးကောင်းမရသေးရင် အောင်းထားကြပြီး တံတားပြီးတာနဲ့ အတက်ဈေးတာစူဖို့ အသင့်ပြင်ထားကြတယ်’ လို့ ပြောတယ်။
ရန်ကုန်-ဒလမြစ်ကူးတံတား စီမံကိန်းကို ၂၀၁၇ ခုနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ ဆောက်လုပ်မယ့် ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ အမြန်ဆုံးရွေးချယ်သွားဖို့ ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရတယ်။
စီမံကိန်းအတည်ပြုပြီးနောက်ပိုင်းမှာ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးစတဲ့ နေရာတွေမှာ စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေနဲ့ အကျိုးဆောင်တွေ ဝယ်ယူထားကြတာ များတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
Credit:Modern