၂၀၃၀ ခုနှစ်သို့အရောက်တွင် အိန္ဒိယလူဦးရေသည် အလွန်ကြီးထွားလာမည်ဖြစ်ရာ အိမ်ခြံမြေကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့သည် ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံးဈေးကွက်ဖြစ်ထွန်းလာမည်ဟု အိန္ဒိယအမျိုးသားအိမ်ခြံမြေဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်သည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိမ်ခြံမြေကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍသည် လူပေါင်း ၇၅ သန်းခန့်အတွက် အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်ရာ အိန္ဒိယ ဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းခန့်အထိ ရှိမည်ဖြစ်သည်။
ယနေ့ကာလတွင် အိန္ဒိယမြို့နေလူဦးရေမှာ သန်း ၄၂၀ ခန့်ရှိရာမှ ၂၀၃၀ ခုနှစ်တွင် ၅၈၃ သန်းအထိ ရှိလာမည် ဖြစ်သည်။
၂၀၂၂ ခုနှစ်သို့အရောက်တွင် အိန္ဒိယတွင် မြို့ပြနှင့်ကျေးလက်နှစ်ရပ်လုံးအတွက် လူနေအိမ်စုစုပေါင်း သန်း ၁၁၀ ခန့် ဆောက်လုပ်ရန် လိုအပ်မည် ဖြစ်သည်။
အိန္ဒိယအစိုးရသည် အနာဂတ်တွင် ရင်ဆိုင်လာရမည့် လူနေအိမ်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခြေလှမ်းများ စတင်လျက်ရှိသည်။
လာမည့် ၇ နှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝန်းတွင် လူနေအိမ်ပေါင်း သန်း ၂၀ ခန့် ဆောက်လုပ်သွားရန် စီစဉ်ထားသည်။
အဆိုပါစီမံကိန်းနှင့်အတူ အိန္ဒိယတွင် မြို့ပြအသွင်ကူးပြောင်းမှုလျင်မြန်လာခြင်းများကို အထောက်အပံ့ဖြစ်စေရန်အတွက် အိမ်ခြံမြေဥပဒေနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် ဖြေလျော့မှုများ ပြုလုပ်ပေးလာလျက်ရှိသည်။
ခန့်မှန်းချက်များအရ ၂၀၂၅ ခုနှစ်သို့အရောက်တွင် အိန္ဒိယတွင် ဆောက်လုပ်ရေးဈေးကွက်၏ တန်ဖိုးမှာ ကန်ဒေါ်လာ တစ်ထရီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် လမ်းမကြီးပေါင်း ၄၃၂ ခု ဖောက်လုပ်ရန် စီစဉ်ထားရာ ရူပီးငွေ ၆ ဒသမ ၅ ထရီလီယံ (ကန်ဒေါ်လာ ၉၇ ဘီလီယံခန့်) ကုန်ကျဖွယ်ရာ ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)