ပြင်သစ်နိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ ကမ္ဘာကျော် အပန်းဖြေပင်လယ်ကမ်းခြေမြို့ကလေးဖြစ်သော နိုက်စ်မြို့ရှိ နေအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ တစ်ဘီလီယံဖြင့် အရောင်းဈေးကွက်သို့ ရောက်ရှိလာရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်လျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နိုက်စ်မြို့သည် ပြင်သစ်နိုင်ငံတွင် ပဉ္စမမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး လူဦးရေ တစ်သန်းရှိသည်။
နိုက်စ်မြို့၏ အမည်ပြောင်မှာ နီဆာလာဘယ်လာဖြစ်ပြီး လှပသောဟု အဓိပ္ပာယ်ရသည်။
နေအိမ်ကြီး၏အမည်မှာ Villa Les Cèdres ဖြစ်ပြီး ၁၈၃၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
မူလက ဘယ်လ်ဂျီယံဘုရင် လီယိုပို II ၏ စံနန်းတော်အဖြစ် အသုံးပြုခဲ့ပြီး လက်ရှိပိုင်ရှင်မှာ ဆူဇန်မာနီယာ လာပိုစတိုလီမိသားစုဖြစ်သည်။
အဆိုပါမိသားစုသည် ယင်းနေအိမ်တွင် ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ကော့ညက်များ၊ အရက်များကြောင့် ပြင်သစ်တွင် နာမည်ကျော်သည့် မိသားစုဖြစ်သည်။
နေအိမ်အတွင်း အိပ်ခန်း ၁၀ ခန်းပါဝင်ပြီး ခြံဝန်းအကျယ်အ၀န်းမှာ ၃၅ ဧကဖြစ်သည်။
နေအိမ်အတွင်း ကပွဲခန်းမ၊ ရေကူးကန်တို့ပါဝင်ပြီး ခြံဝန်းအတွင်းတွင် ရုက္ခဗေဒဥယျာဉ်များ၊ မြင်းကောင်ရေ ၃၀ ဆန့် မြင်းဇောင်းတို့ ပါဝင်သည်။
အဆိုပါခြံဝန်းကြီးအတွင်းရှိ ရုက္ခဗေဒဥယျာဉ်သည် ဥရောပတွင် အကောင်းဆုံးနှင့် အလှပဆုံးပုဂ္ဂလိကဥယျာဉ်အဖြစ် နာမည်ကျော်ပြီး ရှားပါးပန်းမန်မျိုးစိတ်ပေါင်း ၁၅၀၀၀ ကျော်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)