အီဂျစ်နိုင်ငံ၏ မြို့ပြသစ်အသိုက်အ၀န်းအာဏာပိုင်အဖွဲ့ (NUCA) သည် အောက်တိုဘာ ၆ အမည်ရှိ မြို့သစ်တစ်ခုကို အီဂျစ်ငွေ ၁၆ ဘီလီယံ (ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး) အကုန်အကျခံကာ တည်ဆောက်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းမြို့သစ်၏ အမည်မှာ များစွာအဓိပ္ပာယ်ရှိပြီး နိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေသည်။
၁၉၇၃ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် အီဂျစ်နှင့် အစ္စရေးတို့ ထိပ်တိုက်တွေ့ကာ စစ်ဖြစ်ခဲ့ကြပြီး ယင်းကို ယုန်ကစ်ပူးစစ်ပွဲဟုလည်း ခေါ်ကြသည်။
အီဂျစ်ဗိုလ်ချုပ်ကြီး ဟို့စ်နီမူဘာရက် (နောင်အခါသမ္မတ) ဦးဆောင်သော အီဂျစ်တပ်များသည် စူးအက်တူးမြောင်းတစ်ဘက်ကမ်းတွင် တပ်စွဲကြပြီး အခြားဘက်ကမ်း ဆိုင်းနိုင်းကျွန်းဆွယ်တွင် အစ္စရေးတပ်များက တပ်စွဲကာ စစ်ဖြစ်ပွားခဲ့ပြီး ယင်းစစ်ပွဲတွင် အစ္စရေးတို့ အနိုင်ရရှိခဲ့သည်။
အဆိုပါစီမံကိန်းတွင် နေအိမ်ခန်းပေါင်း ၁၁၆၀၀၀ ပါဝင်မည်ဖြစ်ပြီး အလယ်အလတ်တန်း ၀င်ငွေရှိသူတို့အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
မြို့သစ်အတွင်း စာသင်ကျောင်း ၄ ခု၊ ဆေးခန်း ၄ ခု၊ လူမှုဝန်ဆောင်မှုဆိုင်ရာဌာန ၄ ခု၊ ပွဲလမ်းကျင်းပရာခန်းမတစ်ခု၊ ကစားကွင်းတစ်ခု၊ ဆေးရုံတစ်ခု၊ ယာဉ်ရပ်နားရာနေရာများ၊ ရဲစခန်း ၂ ခုနှင့် ဈေးတစ်ခု ပါဝင်သည်။
ယခုအခါ မြို့သစ်၏ ပင်မလမ်းမကြီးများကို ဖောက်လုပ်လျက်ရှိနေရာ ဘဟာရီယာအိုအေစစ်လမ်းမနှင့် တောင်ဘက်ဒါရှောလမ်းမကြီးတို့ ပါဝင်သည်ဟုဆိုသည်။
မြို့သစ်အတွင်း လမ်းများ ဖောက်လုပ်ခြင်းအတွက်ပင်လျှင် အီဂျစ်ငွေ ၂ ဒသမ ၁ ဘီလီယံခန့် ကုန်ကျဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
“ အောက်တိုဘာ ၆ ရက်မြို့ကြီးထဲမှာ ဆောက်လုပ်နေတဲ့ ရေသန့်စက်ရုံဟာ တစ်နေ့ကို ကုဗမီတာ ၄၀၀၀၀၀ လောက် သန့်စင်ပေးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ လာမယ့်၂၀၁၈ ခုနှစ်မှာ လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု အိုးအိမ်ဝန်ကြီး မွတ်စတာဖာ မက်ဒ်ဘူလီက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)