မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်သည် အရှေ့တောင်အာရှတွင် မူလသွင်ပြင်မပျက်စီးသေးသည့် အနည်းငယ်မျှသာကျန်ရှိသော မြို့ကြီးများထဲ၌အပါအ၀င်ဖြစ် သည်။ ၁၉ ရာစုအလွန် မြို့ပြအခင်းအကျင်းကို မြို့လယ်ပိုင်း ရှိ ညီညာစွာနေရာချထားသော မြို့ကွက်စနစ်က ဖော်ဆောင် ထားမှုမှာ ရန်ကုန်၏ များပြားလှသောမြို့ပြအမွေအနှစ်များ အနက်မှ တစ်ခုပင်ဖြစ်သည်။ ဆိုခဲ့ပါ စစ်မှန်သည့် သဘာဝ နဂိုနေအတိုင်း လှုပ်ရှားဖွံ့ဖြိုးနေသော မြို့ပြလက္ခဏာမှာ ရင်းနှီးမြှုပ်နှံမှုများနှင့်ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင် သည့် ခွန်အားများ ဖြစ်ပါသည်။
ထိုခွန်အားများဖြင့်ကျော်ကြား နေသည့် ဂုဏ်သတင်းသည် နိုင်ငံတိုးတက်မှုအတွက် အဓိက သော့ချက်တစ်ခု ဖြစ်သလို ဒေသအတွင်းရှိမြို့ကြီးများကြား ပြိုင်ဆိုင်နိုင်သည့် ကိုယ်ပိုင်အရည်အချင်းလည်းဖြစ်သည်။ ယင်းသို့သော ခွန်အားများ၊ တန်ဖိုးများ၊ အရည်အချင်းများ စတင်အကွက်ချစီမံပေးခဲ့မှု၏အရင်းအမြစ်ကို တစေ့တစောင်း ပြန်လည်သုံးသပ်ကြည့်ပါလျှင်......
ရန်ကုန်သည် မြန်မာဘုရင်များ၏အုပ်စိုးမှုနယ်နိမိတ်အတွင်း ပါဝင်နေသည်မှန်သော်လည်း သာမန်ဆိပ်ကမ်းမြို့တစ်မြို့ အသွင်ထက် ပိုလွန်ခြင်းမရှိခဲ့ပေ။ နယ်ချဲ့အင်္ဂလိပ်တို့၏လက် အောက် ကိုလိုနီဘ၀ကိုရောက်ခဲ့သည့်အချိန်မှ အစိုးရရုံးစိုက် ရာ မြို့ကြီးတစ်မြို့အဖြစ် စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။
ရေလမ်း ခရီးကို အဓိကထားကာ ကုန်စည်သယ်ဆောင်ရောင်းဝယ်မှုပြု ရသောခေတ်အချိန်အခါဖြစ်သည့်အတွက် ပင်လယ်ထွက် ပေါက်ရှိသော ရန်ကုန်မြို့ကို မြို့တော်အဖြစ်အသွင်ပြောင်း တည်ဆောက်ရန် အင်္ဂလိပ်အစိုးရက အစီအမံများပြုလုပ်ခဲ့ သည်။
၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးငြိမ်း၍ အောက်မြန်မာနိုင်ငံသည် ဗြိတိသျှပိုင်နက်ဖြစ်လာသဖြင့် ဆာအာသာဖယ်ရာ ကြီးမှူးသည့် အစိုးရအဖွဲ့သည် ရန်ကုန်မြို့ တွင် စတင်ရုံးစိုက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ သည်။ ဆာအာသာဖယ်ယာသည် ရန်ကုန်မြို့အား အကွက် ကျနစွာ အသစ်တစ်ဖန်တည်ဆောက်လိုသဖြင့် အိန္ဒိယစစ် တပ်မှ အင်ဂျင်နီယာ ဖရေဇာကိုဆင့်ခေါ်ကာ မြို့ကွက်ချစေ သည်။
အင်ဂျင်နီယာဖရေဇာသည် ဆူးလေစေတီတော်အားဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် လမ်းမကြီးများ၊ လမ်းသွယ်များကို စနစ်တကျ အကွက်ချ ရေးဆွဲတင်ပြရာ ဆာအာသာဖယ်ယာ အလွန်သဘောကျပြီး ဖရေဇာ၏အစီအမံအတိုင်း လမ်းများဖောက်လုပ်ခဲ့သည်။
သို့ဖြစ်၍ ယခုလက်ရှိမြင်တွေ့နေရသော မြို့ကွက်မြင်ကွင်းအ တိုင်း လမ်းမကြီးများသို့ ထောင့်မှန်ကျကျဖြတ်သန်းထား သော လမ်းသွယ်များဖြင့် အကွက်အကွင်းကျနစွာတည်ရှိနေ ခဲ့ခြင်းဖြစ်သည်။ လမ်းသွယ်များတွင်လည်း လမ်းကျဉ်းနှစ် လမ်းအလွန်တွင် လမ်းကျယ်တစ်လမ်းနှုန်းဖြင့် ရက်ရှယ်ဖွဲ့ စည်းသွားခြင်းဖြစ်ရာ စနစ်ကျနသောမြို့ကွက်အခင်းအကျင်း ဖြစ်ခဲ့သည်။ ဖရေဇာသည် ရန်ကုန်မြို့ကွက်စတင်ရေးဆွဲစဉ် က မြို့လယ်ပိုင်းတွင် စွဲမြဲစွာနေထိုင်သူ မရှိသလောက်နည်းပါး သည့်အပြင် ရန်ကုန်မြို့နေလူဦးရေကလည်း ပါးရှားလွန်းလှ သည့်အတွက် မြို့ပြပုံစံအကွက်အကွင်းကို အရှေ့ဘက်တွင် ဂျူဒါအီကယ်လမ်း(သိမ်ဖြူလမ်း)၊ အနောက်ဘက်တွင် ဂေါ်ဒွင်လမ်း(လမ်းမတော်လမ်း)၊ မြောက်ဘက်တွင် မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ တောင်ဘက် တွင် ကမ်းနားလမ်း ထိုနယ်နိမိတ်အတွင်းသာ မြို့ကွက်နယ်နိ မိတ် သတ်မှတ်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းနယ်နိမိတ်နှင့်ဆက် စပ်သော အခြားမြို့နယ်များမှာမူ ဆင်ခြေဖုံးအသွင်ဆောင်ခဲ့ ပေသည်။
ဖရေဇာသည် ရန်ကုန်အခင်းအကျင်းကို စတင်လေ့လာစဉ်က တည်းက ရန်ကုန်မြို့လယ်သည် ရန်ကုန်မြစ်ကိုမေးတင်လျက် တည်ရှိနေသဖြင့် မိုးကြီးသောအခါများတွင်လည်းကောင်း၊ မြစ်ရေတက်သည့်အခါများတွင်လည်းကောင်း ရေကြီးရေလျှံ ခြင်းများ ဖြစ်ပေါ်ကာ ဗွက်တသောသောကြားတွင် တစွပ်စွပ် နင်းလျှောက်ရကြောင်း သိမြင်ခြင်းကြောင့် မြို့ကွက်အတွင်း ရေမတင်စေရန် ဦးစွာစီမံခဲ့သည်။
ဖရေဇာသည် ရန်ကုန်မြို့ အား ဗိုလ်တထောင်ဘက်မှစ၍ အနောက်မြောက်ဘက်ရှိ ကန်တော်ကလေးရပ်ကွက်ကိုဖြတ်လျက် လှိုင်မြစ်သို့ဆက် သော ကျုံးမြောင်းငယ်တစ်ခု တူးဖောက်စေ၏။ ယင်းသို့ တူးမြောင်းတူးထားခြင်းဖြင့် မြို့တွင်းသို့လျှံတက်မည့်ရေသည် မြောင်းတွင်း၌သာတည်ရှိနေလေ၏။ မြစ်နှင့်ဆက်သော မြောင်း၏နှစ်ဖက်အ၀များကိုလည်း ရေတံခါးများထားရှိသည့် အပြင် ကမ်းနားလမ်းတစ်လျှောက်တွင်လည်း အုတ်တမံများ ပြုလုပ်ထားလေသည်။ ဤသို့ပြုခြင်းဖြင့် ထစ်ခနဲရှိရေကြီးလေ့ ရှိသော ရန်ကုန်တွင် ရေတင်ခြင်းကင်းစင်သွားတော့သည်။
မြို့ကွက်ကို ထိုသို့ စနစ်တကျဖော်ထုတ်ကာ ပုံစံတကျတည် ဆောက်ထားပြီးသော်လည်း နေထိုင်မည့်သူများ ရုတ်တရက် ရှိမလာသေး။ ထို့ကြောင့် ရန်ကုန်အစိုးရအဖွဲ့သည် အုပ်ချုပ် ရေးဆိုင်ရာ ရုံးဌာနအဆောက်အအုံများ လျာထားသတ်မှတ် ပြီးလျှင် ကြွင်းကျန်ရစ်သောနေရာများအား လူနေအဆောက် အအုံ ဆောက်လုပ်နေထိုင်ရန် မြေကွက်များရောင်းချပေး သည်။ ထိုသို့ရောင်းချပေးရာတွင် လူနေစည်ကားပြီး မြို့အင်္ဂါ ရပ်နှင့် ညီညွတ်စေရန်အတွက်သာ အဓိကထားဦးတည်ရခြင်း ဖြစ်ရကား လွန်စွာသက်သာသောနှုန်းထားများဖြင့် သတ်မှတ် ရောင်းချခြင်းဖြစ်သည်။
ထိုသို့ရောင်းချပြီးသောအခါတွင် လည်း မြေပိုင်ရှင်များ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခြင်း ၌လည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသည်။ သို့ဖြင့် လမ်းမတော်မှ ဗိုလ်တထောင်အထိသော ရန်ကုန်မြို့လယ် နယ်နိမိတ်အတွင်း နှစ်ထပ်မှ လေးထပ်အထိရှိသည့် တိုက်မြင့် များ အစီအရီပေါ်ပေါက်လာတော့သည်။
ရန်ကုန်သည် မြန်မာဘုရင်များလက်ထက်ကပင် မြန်မာတိုင်း ရင်းသားများထက် လူမျိုးခြားကုန်သည်များအခြေချနေထိုင် ခြင်း ပိုမိုများပြားသည့်အားလျော်စွာ အင်္ဂလိပ်အစိုးရအဖွဲ့ အကွက်ချပေးသွားသော ရန်ကုန်မြို့လယ်အကွက်အကွင်း အတွင်း နေထိုင်အခြေချသူအများစုမှာ နိုင်ငံခြားသားလူမျိုး
ခြားများသာဖြစ်ကြသည်။ စီးပွားရေးအကွက်မြင်ပြီး နိုင်ငံခြား သားများနှင့်အပြိုင် ကုန်သွယ်စီးပွားလုပ်နိုင်သော တိုင်းရင်း သားအနည်းစုကတော့ ကူးသန်းဆက်သွယ်ရေးအချက်အချာ ကျသော ရန်ကုန်မြို့လယ်တွင် နေထိုင်ကြသည်။
ရန်ကုန်မြို့ လယ် နယ်နိမိတ်အပြင်မှ ရပ်ကွက်များဖြစ်သော အရှေ့ဘက်တွင် ပုဇွန်တောင်၊ သန်လျက်စွန်း၊ အနောက် ဘက်တွင် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မြောက်ဘက် တွင် မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း စသောရပ်ကွက် များ၌လည်း လူနေထိုင်မှုမရှိသည်မဟုတ်။ မြန်မာတိုင်းရင်း သားအများစုသည် ဆိုခဲ့ပါ ဆင်ခြေဖုံးမြို့နယ်များတွင်သာ အနေများကြသည်။
စီးပွားရေးအခြေအနေ တဖြည်းဖြည်းတိုးတက်ကောင်းမွန် လာသည့်အလျောက် ပြောင်းရွှေ့အခြေချနေထိုင်သူများပြား လာသော ရန်ကုန်သို့ နိုင်ငံအနှံ့အပြားမှမြန်မာတိုင်းရင်းသား များ ခိုဝင်ရောက်ရှိလာကြသည်။ ကာလအစဉ်အဆက်ကပင် ခြံကျယ်ဝင်းကျယ်တွင်အိမ်ဆောက်ကာ သီးခြားနေထိုင်လေ့ ရှိမြဲဖြစ်သော မိသားစုနေမှုပုံစံအရ မြန်မာတို့သည် ကျဉ်းကျပ် သောတိုက်ခန်းများ၌နေရခြင်းထက် ခြံလေး
ဝင်းလေးနှင့်နေရ သော ဆင်ခြေဖုံးအရပ်ကို ပိုနှစ်သက်ကြသဖြင့် မြို့လယ်ပိုင်း နှင့်မဝေးလှသော ဆင်ခြေဖုံးရပ်ကွက်များတွင် မြေကွက်ဝယ် ကာ အိမ်ဆောက်နေထိုင်ကြသည်။
ထို့ကြောင့်ပင် မြို့လယ် ပိုင်း၌ မြန်မာတိုင်းရင်းသားနေထိုင်မှုနည်းပါးပြီး မြို့လယ်ပြင်ပဆင်ခြေဖုံးဒေသများတွင်သာ မြန်မာတိုင်းရင်းသားနေထိုင်မှု များပြားနေရခြင်းဖြစ်သည်။
အင်္ဂလိပ်အစိုးရသည် ရန်ကုန်မြို့ကို အစိုးရရုံးစိုက်ရာအုပ်ချုပ် ရေးမြို့တော်အဖြစ် ဖန်တီးခဲ့ရာ အစိုးရရုံးအဆောက်အအုံ များကို အကွက်အကွင်းကျစွာတည်ဆောက်ခဲ့သည်။ မီးရ ထားရုံးကြီးကို မီးရထားလမ်း၊ ဘူတာရုံကြီးတို့နှင့်နီးသော မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်၌တည် ဆောက်ခဲ့သလို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးကိုလည်း ပန်း ဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင်တည်ဆောက်ခဲ့ သည်။
မြစ်ရေတိုးခြင်းကြောင့် ရေကြီးရေလျှံမှုကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ခဲ့ပြီဖြစ်သဖြင့် ကမ်းနားလမ်းတစ်လျှောက်သည် လေကောင်းလေသန့်
တို့ပြေးဆော့ရာ သာယာသည့်အခင်းအ ကျင်း ဖြစ်နေရကား အစိုးရအဆောက်အအုံနှင့် ရုံးဌာနများကို ဆူးလေဘုရားလမ်းမှ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) အထိ ကမ်းနားလမ်းနှင့်ကုန်သည်လမ်းတစ်လျှောက် တည် ဆောက်ထားခဲ့သည်မှာ လက်ညှိုးထိုးမလွဲဖြစ်ကြောင်း ယခု တိုင် တွေ့မြင်နိုင်နေဆဲဖြစ်သည်။
လူနေစည်ကားသည့်အပြင် မြို့နေလူထုအပန်းဖြေနိုင်ရေးအ တွက် အင်္ဂလိပ်ခေတ်မြူနီစီပယ်အဖွဲ့က မြို့တော်ခန်းမရှေ့ တွင် ပန်းခြံတစ်ခုထည့်သွင်းဆောက်လုပ်ခဲ့သည်။ ဆာအာ သာဖယ်ယာ၏နောက် မြန်မာနိုင်ငံအောက်ပိုင်းကို မဟာဝန် ရှင်တော်မင်းကြီးအဖြစ် အုပ်ချုပ်သွားသူ မေဂျာဖိုက် စီမံတည် ဆောက်သွားသည့်ပန်းခြံဖြစ်ခြင်းကြောင့် ထိုပန်းခြံကိုဖိုက်စကွဲဟု ခေါ်တွင်ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသော အခါ ထိုပန်းခြံတွင် လွတ်လပ်ရေးကျောက်တိုင်တည်ဆောက် ရုံမျှမက မြန်မာ့တော်လှန်ရေးသမားစစ်သူကြီး၏အမည်ဖြင့် ဂုဏ်ပြုမှည့်ခေါ်ကာ မဟာဗန္ဓုလပန်းခြံဟု ခေါ်တွင်ခဲ့သည်။ မြို့အနေအထားကို စနစ်တကျ အကွက်ဖော်ခဲ့ခြင်း၊ မြို့အင်္ဂါရပ်များ စုံလင်စွာထည့်သွင်းတည်ဆောက်ခြင်း၊ လူနေ များပြားစည်ကားလာအောင် အားထုတ်ကူညီခြင်း၊ ရုံးဌာန အဆောက်အအုံများကို လူနေအိမ်များနှင့်ရောနှောမထားဘဲ သီးခြားခွဲထားခြင်း၊ လူနေစည်ကားရန်သာအာရုံစိုက်ခြင်း မဟုတ်ဘဲ နေသည့်သူများ အပန်းဖြေနားနေနိုင်ရန် ပန်းခြံ ထည့်သွင်းဆောက်လုပ်ပေးခြင်း စသည့် စနစ်ကျသော ဆောက်လုပ်ရေးနည်းနာများသည် မြို့သစ်တစ်ရပ်အတွက်အရေးပါသောလုပ်ဆောင်မှုများပင်
ဖြစ်ပါတော့သတည်း။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com