သွေးချင်းတို့ နေတဲ့ တောင်ပေါ်ဒေသ တွေမှာ အကြီးအကဲကိုပိုင်ဆိုင်ရသူ နောက်လိုက်များအနေဖြင့်လည်းအကြီးအကဲကိုလေးစားသမှုဖြင့် ဦးစားပေးနေရာထားကြသည်။ ရွာကွက်ရိုက်၍ နေရာသတ်မှတ်သည်ကအစ အကြီးအကဲ၏အိမ်ရာကိုဦးစွာသတ်မှတ်ဆောက်လုပ်ပေးပြီးမှ ကျန်သူများ၏အိမ်တို့ကို ၀ါစဉ်အတိုင်းဆောက်လုပ်ကြမြဲ။ အကြီးအကဲ၏အိမ်ကိုတော့ အတိတ်ကောင်းနိမိတ်ကောင်းများ မှီတွယ်ခိုနားရာဂေဟာအဖြစ် အလေးအနက်ထား ရွေးချယ်ဆောက်လုပ်ကြသည်။ ပထမဦးစွာ မြေကောင်းမြေသန့်ရွေးကြသည်။ တောင်ပေါ်တိုင်းရင်းသားတို့ရိုးရာကိုးကွယ်ယုံကြည်မှုအတိုင်း နတ်ဆရာ၏ဦးစီးမှုဖြင့် မြေကောင်းရွေးကာ အိမ်အတွက်လိုအပ်သော သစ်ဝါးများ ရှာဖွေစုဆောင်းကြသည်။ နတ်ဆရာက အိမ်ကို သင်္ချာနည်းအရရော၊ နက္ခတ်နည်းအရပါ အရပ်မျက်နှာတွက်ချက်ပြီး မျက်နှာမူရာအရပ် သတ်မှတ်ပေးရသည်။
အိမ်မှကြည့်လျှင် ဓူဝံကြယ်ကို အထင်းသားလှမ်းမြင်နေရမည် ဖြစ်သကဲ့သို့ လရောင်ခြည်ကလည်း နေရာမှန်တွင်ကျရောက်နေစေရန် ဂရုဓမ္မပြုရွေးချယ်ရသည်။ သို့မှသာ လမင်းဝိညာဉ် ပူးကပ်ပြီး ကောင်းကျိုးချမ်းသာအဖြာဖြာတို့ ပိုင်ဆိုင်ရရှိနိုင်ကြမည်ဟု အယူအစွဲရှိကြသည်။ ထို့ကြောင့် လူမျိုးစုအကြီးအကဲ၏အိမ်ရာတွင် လသာဆောင်သည် အထူးပင်အရေးပါသော အခန်းကဏ္ဍ၌ ရှိနေသည်။ အကြီးအကဲအိမ်ဖြစ်သည့်အားလျော်စွာ နှစ်ထပ်အိမ်မြင့်ကြီး ၀ိုင်း၍ဆောက်လုပ်ပေးကြ၏။ တောထဲအထိဝင်ကာ စိတ်ကြိုက်ရွေးခုတ်လာကြသည့် ကျွန်းသားသစ်လုံးကြီးများက အိမ်တိုင်များအတွက် အရန်သင့်။ ကမ္ဘာတည်သမျှ ခိုင်မာတည်တံ့နေမည့်အသွင်တို့ ၀င့်ကြွားလျက်။ နတ်ဆရာညွန်ပြသည့်အရပ်မျက်နှာအတိုင်း ပန္နက်ချ တိုင်ထူပြီးသောအခါ ခင်းကြမ်းများအတွက် ဆင့်တန်းလျာခြင်း၊ နံရံကာခြင်း၊ အမိုးမိုး၍ခေါင်ချုပ်ခြင်းတို့မှာ ကာယအား သက်သက်စိုက်ထုတ်ရသောအလုပ်များဖြစ်သဖြင့် ရက်သိပ်မကြာခင်မှာပင် အိမ်ကြီး၏အသွင် ပီပြင်လာတော့သည်။
အိမ်၏အလယ်တည့်တည့်မှ အခန်းကျယ်ကြီးကတော့ အိမ့်ကျက်သရေဆောင်ပင်ဖြစ်တော့သည်။ ရပ်ရွာအရေး တိုင်ပင်တွေး၍ ဆွေးနွေးကြရာ ဘုံရိပ်သာပင်တည်း။ မိသားစုဆိုင် ရာ အရေးကိစ္စများ တိုင်ပင်ရာလည်းဖြစ်၏။ ထိုအခန်းပတ် ပတ်လည်တွင် တိုင်းရင်းသားမျိုးနွယ်စု၏ပုံရိပ် မိသားစုဝင်တို့ အမဲလိုက်ရင်းရရှိလာသောသားကောင်များ၏ ဦးခေါင်း၊ ဦးချို၊ အရေခွံတို့ကို အဆင်တန်ဆာအဖြစ်ချိတ်ဆွဲထားလေ့ရှိသည်။ တောင်တန်းသားတို့ဖြစ်သည့်အားလျော်စွာ မုဆိုးကောင်းများကို တန်ဖိုးထားသည့်ဓလေ့က ယခုတိုင်မယုတ်လျော့သေး။ လသာဆောင်၏ဘေးတစ်ဖက်တစ်ချက်မှာကတော့ အိမ့်ရှင် လူမျိုးစုအကြီးအကဲ၏ သားသမီးများအခန်း ဖွဲ့ပေးထားရ၏။ သားသမီးများဆိုရာတွင် သားရင်းသမီးရင်းများနှင့်အတူ မွေးစားသားသမီးများလည်း ရှိမြဲဖြစ်၏။ လူမျိုးစုအကြီးအကဲဟူသည်မှာ လူမျိုးစု၏ခေါင်းဆောင်သာမက မိဘအသွင်ပါ ဆောင်သည်ဖြစ်ရကား ရပ်သူရွာသားထဲမှ ချို့တဲ့သော အိမ်ထောင်စုများ၏ သားငယ်၊ သမီးငယ်တို့ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးသည့်အနေဖြင့် အကြီးအကဲအိမ်တွင် ခေါ်ယူမွေးမြူပေးထားခြင်းဖြစ်သည်။ ဤသို့ခေါ်ယူမွေးစားခြင်းဖြင့် မိဘရင်းတို့မှလည်း ၀န်ပေါ့သည်။ သူတို့ အရွယ်ရောက်လာ၍ တောဝင်၊ တောတက်နိုင်သည့်အခါတွင်တော့ မိဘရင်းတို့ထံပြန်အပ်ကာ နောက်ထပ်ချို့တဲ့သောမိသားစုမှ အရွယ်မရောက်သေးသူများကို ထပ်မံမွေးစားကျွေးမွေးထားရပြန်သည်။ လူမျိုးစုအကြီးအကဲအိမ်တွင် ဤသို့အားဖြင့် မွေးစားသားသမီးပြတ်လပ်သည်ဟူ၍မရှိတော့။
လူမျိုးစုတစ်ရပ်လုံး၏ လေးစားကိုင်းရှိုင်းမှုကို ခံယူရသူဖြစ်သည့်အားလျော်စွာ အမဲလိုက်ရာမှသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်ရှာဖွေရာမှသော်လည်းကောင်း၊ တောင်ယာထွက်သီးနှံများ ဆွတ်ခူးရာမှသော်လည်းကောင်း ရရှိသည့် သီးနှံသားငါးများကို စားဦးစားဖျား သွားရောက်ဦးချသည့် ဓလေ့အထုံကြောင့် လူမျိုးစုအကြီးအကဲဂေဟာတွင် စားရေရိက္ခာလျော့ပါးသည်ဟူ၍မရှိ။ အကြီးအကဲမိသားစုဝင်များအနေဖြင့်လည်း ဖူးခေါင်ဖူးဖျားကိုငံ့မျှော်ကာ အခံ့သားစံစား၍ ပို့ဆွမ်းစောင့်နေသည်မဟုတ်။ အခြားသော သွေးရင်းသားရင်း ရပ်သူရွာသားများနှင့် ဒိုးတူပေါင်ဖက် တောတက်၊ တောလိုက် လုပ်ကြသည်။ စုဆောင်းရရှိထားသော စားရေရိက္ခာများမှ မွေးစားသားသမီးများကို ကျွေးမွေးစောင့်ရှောက်ခြင်းသည် ပြည်သူ့ထံမှပြည်သူ့ထံသို့ ဟူသောသဘောတရားကို လှစ်ဟဖော်ကျူးနေသည့်နှယ်။
လသာဆောင်သည် အိမ်ရှေ့မျက်နှာစာပင်ဖြစ်သည်။ လသာဆောင်အောက် အိမ်အ၀င်လမ်းသည်ကား ဂေဟာတစ်ခုလုံးရှိမိသားစုဝင်များ စားသောက်ရန် ဆန်ဖွပ်သည့်မောင်းဆုံကြီးများ ထားရှိရာနေရာပင်တည်း။ တောင်တန်းသားတို့သဘာဝ တစ်နေ့စားရန်ဆန်ကို တစ်နေ့စာတွက်ချက်ကာ ဖွပ်ရခြင်းဖြစ်သည့်အလျောက် ကျေးလက်အိမ်တိုင်းတွင် မောင်းဆုံများရှိမြဲ၊ဆန်ဖွပ်နေသည့်မြင်ကွင်းက ကျေးလက်အိမ်တိုင်း၏ မရိုးနိုင်သောမြင်ကွင်းဖြစ်သကဲ့သို့ ဆန်ဖွပ်သည့် မောင်းဆုံသံ တထုံထုံက ကျေးလက်ဂီတသံသဖွယ်။ မောင်းဆုံကိုသာ အိမ်ရှေ့၌ဆင်ထားသော်လည်း ချက်ပြုတ်ရာစားဖိုဆောင်ကိုတော့ သီးခြားအဆောင်တစ်ခုဖြင့် ဖွဲ့စည်းထားသည်။ အိမ်မျက်နှာစာနှင့်ဆန့်ကျင်ဘက် အိမ်နောက်ဘက်ခြံစပ်တွင် သီးခြားတည်ရှိနေသော စားဖိုဆောင်သည် ဂေဟာတစ်ခုလုံး၏ ၀မ်းဗိုက်ပင် ဖြစ်တော့သည်။ တစ်အိမ်သားလုံးစားရန်ချက်ပြုတ်ရသောနေရာ ဖြစ်ရကား မီးဖိုတွင် တစ်နေ့တာလုံးမီးပြတ်လပ်သည်မရှိ။ မီးဖိုခန်းသည် ဟင်းနံ့ကျွေးနံ့များဖြင့် မပြတ်တမ်းထုံမွမ်းနေတတ်သည်။ ရာသီပေါ်သီးနှံများထွက်ရှိသည့်အချိန်တို့တွင်တော့ သာမန်ရရိုးရစဉ် ဟင်းနံ့ကျွေးနံ့များထဲ၌ ရောယှက်ကာ တိုးထွက်လာစမြဲ။
မီးဖိုခန်းတွင်အစဉ်လိုလိုနေရာယူထားသည်က ခေါင်ရည်အိုးများဖြစ်သည်။ တောင်ပေါ်ကျေးလက်နေ တိုင်းရင်းသားလူမျိုးစုတို့အနေဖြင့် ခေါင်ရည်သည် ရိုးရာဓလေ့၏အမှတ်တံဆိပ်ပင် ဖြစ်တော့သည်။ လူမျိုးစုထုံးစံအရဇနီးကောင်းအဖြစ်သတ်မှတ်သောစံသည် ခေါင်ရည်ဖောက်ကောင်းခြင်းပင်ဖြစ် သည်။ ခေါင်ရည်ဖောက်စွမ်းရည်ထက်မြက်သည်ဟု နာမည်ရသောမိန်းမပျိုသည် ချွေးမတော်လိုသူယောက္ခမလောင်းများ၊ ယောက်မတော်လိုသူများ၊ မရီး-ခယ်မ တော်လိုသူများ၊ ဇနီးအဖြစ်အရာပေးလိုသူများဖြင့် ချစ်သူဝိုင်းဝိုင်းလည်ကာ မျက်နှာအလွန်ပွင့်လှသည်။ ခေါင်ရည်သည် မျိုးနွယ်စုဧည့်ခံယမကာဖြစ်ရုံမျှမက လူမျိုးစု၏အထိမ်းအမှတ်ပုံရိပ်လည်း ဖြစ်သည်။ အိမ်တက်၊ မင်္ဂလာဆောင်၊ သားသမီးမွေး စသော မင်္ဂလာအခမ်းအနားများ၊ ရှေးယခင်ခေတ်များက စစ်နိုင်ခြင်းအထိမ်းအမှတ် အောင်မြင်ခြင်းအခမ်းအနားများ၊ နာရေးအခမ်းအနားများ စသည်တို့တွင် ခေါင်ရည်သည် အဓိကဇာတ်လိုက်ကျော် ဖြစ်သည်။ ယုတ်စွအဆုံး နို့စို့ကလေးငယ်တို့ နို့ဖြတ်ရာတွင်ပင် ခေါင်ရည်ကိုအစားထိုးတိုက်ကျွေး၍ နို့ဖြတ်စမြဲဖြစ်သည်။
လသာဆောင်၏ညချမ်းချိန်ခါများကတော့ လူမျိုးစုအနွယ်ဝင်တို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းရာ ခန်းဆောင်သာပင် ဖြစ်တော့သည်။ မျိုးနွယ်စုအကြီးအကဲကတော်က သားများ၊ မြေးများကို အရင်းအချာရော၊ မွေးစားပါမကျန် စုဝေးစေကာ ပုံပြောပြခြင်းကို ဆိုလိုသည်။ လူမျိုးနွယ်စုစတင်စုစည်းအခြေတည်သည်မှ အစပြု၍ သိမှတ်ကြားနာခဲ့ရသော မျိုးနွယ်စုသူရဲကောင်းတို့၏ ရဲဝံ့စွန့် စားအောင်မြင်မှုများ၊ ရန်ပြုရန်လာသူတို့၏အန္တရာယ်ကို တွန်း လှန်ချေဖျက်နိုင်မှုများ၊ ကြမ်းတမ်းရက်စက်သော ခွန်အားကြီးတောရိုင်းတိရစ္ဆာန်များကို အနိုင်ယူတိုက်ခိုက်နိုင်စွမ်းရှိခဲ့ပုံများ စသည့် စိတ်ခွန်အားဖြစ်ဖွယ်၊ ဇာတိမာန်တက်ကြွဖွယ်၊ မိမိအလှည့်တွင်လည်း ထိုသို့သောအောင်နိုင်မှုမျိုး ဖော်ဆောင်သူ ဖြစ်ချင်စိတ် တဖွားဖွားပေါ်ပေါက်ဖွယ် ပုံပြင်များဖြစ်ရာ ထိုပုံပြင်တို့သည် မျိုးနွယ်စုအနာဂတ်ကိုပြဋ္ဌာန်းနိုင်သော စိတ်အားသတ္တိများဖြင့် ပြည့်လျှမ်းနေတော့သည်။
တိုင်းရင်းသားမျိုးနွယ်စုအကြီးအကဲများ၏ အိမ်ဂေဟာသည် နားခိုနေထိုင်ရာအဆောက်အအုံသက်သက်မျှသာမဟုတ်၊ လူမျိုးစုတစ်ခုလုံးအတွက် ခိုင်မာသောခံတပ်လည်းဖြစ်သည်၊ ခွန်အားနှင့်ရှင်သန်ခြင်းကို ပေးစွမ်းနိုင်သော နေမင်းလည်း
ဖြစ်သည်၊ ကြည်လင်သောမေတ္တာဓာတ်တို့လွှမ်းခြုံရာ လမင်းရင်ခွင်လည်းဖြစ်သည်။
ဆောက်လုပ်ခြင်းအတတ်ပညာသက်သက်မျှသာ မဟုတ်မူဘဲ နှလုံးသားအနုပညာရပ်များပါ ထည့်သွင်းမြှုပ်နှံတည်ဆောက်ထားသည့် လူမျိုးစုအကြီးအကဲ၏ဂေဟာသည် ထိုသို့သောနိမိတ်ပုံများနှင့် ပြည့်နှက်နေပေတော့သည်။
အကြီးအကဲဆိုသည်က ဖြစ်ချင်စိတ်ရှိရုံမျှဖြင့် ဖြစ်လာသည့်အရာမဟုတ်။ ဖြစ်ချင်စိတ်ရှိသူတိုင်း ဖြစ်ရကြေးဆိုလျှင် လူတိုင်း အများထက်ဦးစားပေးခံရသည့် အကြီးအကဲချည်းသာဖြစ်ကုန်ချိမ့်မည်။ တကယ်တော့ အကြီးအကဲနေရာဆိုသည် တာဝန်ယူမှုနှင့် ဦးဆောင်နိုင်မှုစွမ်းရည်များအပေါ် အဓိက တည်မှီနေမြဲ။ အထူးသဖြင့် ရိုးသားသန့်စင်သော တောင်ပေါ်တောတန်းများနေ သွေးချင်းသားချင်း တိုင်းရင်းသားတို့အနေဖြင့် အကြီးအကဲအဖြစ်အသိအမှတ်ပြုခံရရေးမှာ စွန့်လွှတ်စွန့်စားရမှုပေါင်းများစွာ စတေးပြီးမှ ရရှိလာသော အသီးအပွင့်တစ်ရပ်။ လူမျိုးစုတစ်စုလုံး၏ အသိအမှတ်ပြုမှုကို ခံယူရရှိသော အကြီးအကဲသည် သူအုပ်ချုပ်ရသောလူမျိုးစု၏ ကောင်းကျိုးဆိုးပြစ်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ဖြစ်လာပေသည်။ လူမျိုးစုနှင့်သက်ဆိုင်သော သာရေး၊ နာရေး၊ ကျန်းမာရေး၊ လူမှုရေး စသောအရေးကိစ္စများကို လိုက်လံစီမံခန့်ခွဲပေးရမြဲ။ တစ်စုံတစ်ရာသောပြဿနာ ပေါ်လာပါကလည်း တာဝန်ယူ ခေါင်းခံကာ ပြေလည်သည်အထိ တာဝန်ခံဖြေရှင်းပေးရမြဲ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com