ဟောင်းနွမ်းပြီး အရောင်မှိန်နေတဲ့ တိုက်အို တိုက်ဟောင်းတွေ ၊ ပြိုကျလု ဆဲဆဲလို့ ထင်ရနိုင်တဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေ ၊ ထိုးထိုးထောင်ထောင် နဲ့ ဟိုနားတစ်လုံး ဒီနားတစ်လုံး ရှိနေတဲ့ ညီညာမှု မရှိတဲ့ တိုက်တာတွေ အကြားမှာပျားပန်းခတ်အောင် လှုပ်ရှားနေကြရတဲ့ မြင်ကွင်းတွေကို မြို့တော်ဟောင်း ဖြစ်တဲ့ ရန်ကုန်မြို့လယ်ကောင်မှာ မြင်ရတာ သိပ်ထူးတဲ့ မြင်ကွင်းတော့ မဟုတ်ပါဘူး ။
တစ်ချို့လမ်းတွေဆိုရင် ခေတ်ဟောင်းလူနေအဆောက်အအုံ တွေ အများအပြားကျန်ရှိနေဆဲဖြစ်ပြီး ကိုလိုနီခေတ်ရဲ့ အငွေ့အသက်ကို ခံစားချင်တဲ့ အကွက်မြင်တဲ့ နိုင်ငံခြားသားတစ်ချို့က ဈေးကြီးတဲ့ဘားတွေကို အဲလိုအဆောက်အအုံ ဟောင်းတွေထဲမှာ ရှေးမူလ ပုံသဏ္ဍာန် မပျက်စေဘဲ ပြန်လည်ပြုပြင်ရင်း ခရီးသည်တွေကို ဆွဲဆောင်ကြတဲ့ အထိ စီးပွားရေး အကွက်မြင်တဲ့ ဘားတွေကလည်း အခုနောက်ပိုင်းမှာ ဟိုတစ်နေရာ ဒီတစ်နေရာမှာ တွေ့မြင်လာရပါပြီ ။ ဒီဘားလေးတွေရဲ့အပြင်ဘက်လမ်းမပေါ်မှာတော့ ဈေးသည်တွေရဲ့ ဈေးဗန်းတွေ ၊ လမ်းဘေးလက်ဘက်ရည်ဆိုင် ၊ စားသောက်ဆိုင်ကလေးတွေ နဲ့ အဆင်ပြေသလို ဖွင့်ထားကြတဲ့ ဆိုင်တွေကလည်း မဟာရန်ကုန်ရဲ့ မရိုးနိုင်တဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်ပါတယ် ။
၁၉၉၀ ခုနှစ်ကစပြီး ပြောင်းလဲလာတဲ့ တံခါးဖွင့် စီးပွားရေး မူဝါဒကြောင့် လည်း အချက်အခြာကျတဲ့ ရန်ကုန်ရဲ့ ပုံရိပ်ဟာ ပြန်လည်မြင့်တက်လာသလို တစ်ဖက်မှာလည်း တစ်ဖြည်းဖြည်း တိုးတက်များပြားလာတဲ့ လူဦးရေ စီးဝင်မှု ဒဏ်ကိုပါ အလူးအလဲ ခံစားခဲ့ရတာ ယနေ့တိုင် ဖြစ်ပါတယ် ၊ လူသုံးသောင်းလောက် အတွက် ဒီဇိုင်းဆွဲပြီး ပုံစံထုတ်ထားတဲ့ ရန်ကုန်မြို့ဟောင်း ဟာ အခုချိန်မှာ အနည်းဆုံး လူလေးသိန်းခွဲကနေ ငါးသိန်းလောက်အထိ နေနေကြတဲ့ အနေအထား ဖြစ်လာပါပြီ ။
အင်္ဂလိပ် အစိုးရလက်ထက်က တွက်ချက် ဒီဇိုင်းထုတ်ခဲ့တဲ့ မြို့ဟောင်းရန်ကုန်မှာ လူဦးရေ တွေ အဆမတန် တိုးလာပြီး မြို့ပြရဲ့ မွန်းကျပ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်ဖို့ အတွက် ခေတ်အဆက်ဆက် က အစိုးရတွေ အာဏာပိုင်တွေက ဖြေရှင်းဖို့ ကြိုးစားကြပေမယ့် အခုချိန်ထိ ဘယ်သူမှ အောင်မြင်အောင် အပြီး သတ်ဖြေရှင်းနိုင်တာ မတွေ့ရပါဘူး ။
ခေတ်အဆက်ဆက်မှာ ရေပိုက်လိုင်သစ်တွေ သွယ်တန်းတာ ၊ လမ်းတွေချဲ့တာ တွေ လုပ်ခဲ့ကြပေမယ့် ရန်ကုန်မြို့ဟောင်းကတော့ အခုချိန်ထိ မြို့ပျက်ကြီးတစ်ခုလို ဟိုနေရာမှာ တိုက်အမြင့်တစ်လုံး ဒီနေရာမှာ တိုက်အဟောင်း တစ်လုံး ၊ တိုက်အိုတိုက်ဟောင်း တိုက်ဆွေးတွေထဲမှာ စာကလေး အိမ်ဘ၀တွေ နဲ့ ရပ်တည်ရှင်သန်နေရတဲ့ မိသားစု တွေကလည်း နည်းမယ် မထင်ပါဘူး ။ မြို့ဟောင်းတစ်ခုကို စနစ်တကျ ဖြစ်ဖို့ အခြေခံအဆောက်အအုံ တွေကို လိုက်ပြင်ထည့်ရတာက မြို့သစ်တစ်ခု ထပ်တည်ရတာထက် ပိုပြီး လက်ဝင်သလို အနုစိတ်လည်း ဆန်ပါတယ် ၊ အခန့်မသင့်လို့ စီမံခန့်ခွဲမှု လွှဲမှားခဲ့ရင် မြို့ပျက်ကြီး တစ်ခုဖြစ်သွားနိုင်တဲ့ အထိ အန္တရယ်ရှိပါတယ် ။
ရန်ကုန်မြို့ကြီးရဲ့ အကျယ်အ၀န်းကလည်း ၁၉၈၈ ခုနှစ် မတိုင်ခင်က ဆိုရင် အကျယ်အ၀န်းစုစုပေါင်း စတုရန်းမိုင် ၈၀ သာသာ လောက်ဘဲ ကျယ်ခဲ့ပေမယ့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေး အဖွဲ့နဲ့ နိုင်ငံတော်အေးချမ်းသာယာရေး ဖွံ့ဖြိုးေ၇းကောင်စီ လက်ထက်မှာ မြို့သစ်ကြီးတွေ ဖြစ်တဲ့ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ဒဂုံလေးမြို့နယ်ကို ဖော်ထုတ်နေရာချထားပေးခဲ့တာကြောင့် ၂၀၀၀ ခုနှစ်မှာ ၂၀၀ စတုရန်းမိုင် ဖြစ်လာပြီး စက်မှုဇုန် တွေ ထပ်တိုး အကွက်တွေ ချပေးခဲပတာကြောင့် ၂၀၁၄ နှစ်ကုန်မှာ ရန်ကုန်စည်ပင်ဧရိယာ နယ်နမိတ်က ၃၀၆ စတုရန်းမိုင် အထိ ကျယ်ဝန်းလို့လာပါပြီ ။
၁၉၈၃ ခုနှစ်မှာ ရန်ကုန်လူဦးရေ သုံးသန်းသာ ရှိတဲ့ အခြေအနေ ကနေ ၂၀၁၄ မှာကောက်ခဲ့တဲ့ သန်ခေါင်းစာ၇င်းအရ လူဦးရေ က ၅ ဒသမ ၂၁ သန်းဖြစ်လာပါပြီ၊ ဒီစာရင်းတွေက ပုံစံ ၁၀ လို့ခေါ်တဲ့ အတည်တကျ သန်ခေါင်းစာရင်း နဲ့နေတဲ့ သူတွေ ဖြစ်ကြပြီး ပုံစံ ၁၀ မရှိတဲ့ လူတွေ ၊ ယာယီ လာေ၇ာက်နေထိုင်သူတွေ ပေါင်းရင် လူဦးရေ ခြောက်သန်းအထက် ရှိနိုင်မယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းထားကြပါပြီ ။
၁၉၉၀ ၀န်းကျင် တစ်ဝိုက်မှာ အစိုးရ အနေနဲ့ အနောက်နိုင်ငံတွေ ရဲ့ စီးပွားရေး ပိတ်ဆို့မှုဒဏ် ၊ ဆိုရှယ်လစ် စီးပွားရေးစနစ် မအောင်မြင်လို့ နိုင်ငံစီးပွားရေး အကျပ်အတည်း ဖြစ်နေလို့ အခက်တွေ့နေချိန်မှာ တစ်ဖက်မှာလည်း မြို့တော်ဟောင်းရန်ကုန်ရဲ့ လမ်းကြိုလမ်းကြားတွေ ၊ ရေမြောင်းတွေ ၊ မြေကွက်လပ်တွေ ကြားမှာ ကျုးကျော်အိမ်တွေ ၊ တိုးပွားလာတဲ့ လူဦးရေ ကြောင့် အဲဒီအချိန်က တာဝန်ယူခဲ့ရတဲ့ အစိုးရ အနေနဲ့ ရှဉ်းလည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေ ဖြစ်အောင် မြို့ကွက်သစ်တွေကို အရင်တည် ၊ လူတွေကို နေရာချထားပေးပြီးမှ နောက်ပိုင်းတစ်ဖြည်းဖြည်း ရေ ၊ မီး ၊ လျှပ်စစ် ၊ တယ်လီဖုန်းဆက်သွယ်ရေး ၊ ကားလိုင်းတွေ အစရှိတဲ့ အခြေခံ အဆောက်အအုံ တွေကို တစ်ဖြည်းဖြည်း ထည့်သွင်း ဆောက်လုပ်ခဲ့ကြရပါတယ် ။
မြို့သစ်တည်တဲ့ ဖော်မြူလာတွေ အရ ပြောရင် မှန်သလား မေးရင်းအပြည့်အ၀ မမှန်နိုင်ပေမယ့် အဲဒိအချိန်က အစိုးရရဲ့ အခက်အခဲ ပြည်သူ့ရဲ့ အကျပ်အတည်းကြောင့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခဲ့ရတယ်လို့လည်း
မြို့ပြစီမံကိန်းပညာရှင်တစ်ယောက်က ပြောကြားဖူးပါ
တယ် ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွေမှာ နယ်တွေမှာ အလုပ်တွေရှား ကုန်ဈေးနှုန်းတွေ တက် ၊ ၀င်ငွေနဲ့ ထွတ်ငွေ မမျှလို့ အကျပ်အတည်းတွေ့လာရတဲ့ အချိန်အခါမှာ အလုပ်အကိုင်တွေ ၊ စီးပွားရေးမဟာဗျုဟာ အချက်အခြာကျပြီး စီးပွားရေး လုပ်ငန်းတွေရဲ့ အဓိက ရှင်သန်ရာ မြို့တော်ဟောင်းရန်ကုန်ကို လူတွေ တစ်ဖြည်းဖြည်း စီးဝင်လာတဲ့ အတွက်ကြောင့်လည်း
နှစ် ၂၅ ကျော်ကာလ အတွင်းမှာ ရန်ကုန်လူဦးရေ အဆပေါင်းများစွာ များလာတာဖြစ်ပါတယ်။ အခြားတိုင်းနှင့် ပြည်နယ်တွေမှာ မြို့ပြလူဦးရေထက်
ကျေးလက်လူဦးေ၇ ကများပေမယ့် ရန်ကုန်မှာကတော့ မြို့ပြလူဦ်းရေက ကျေးလက် လူဦးရေ ထက် အဆပေါင်းများစွာ များပါတယ် ၊ အခြားတိုင်းဒေသကြီးတွေနဲ့ ယှဉ်ရင် ပြောင်းပြန်အချိုးကျနေပါတယ် ။
မြို့ပြရဲ့ နေထိုင်မှု စရိတ်ကြီးမြင့်လာတဲ့ ပြသနာနဲ့ ကြုံတွေ့ရတဲ့ အခါမှာတော့ အဆင်ပြေသလိုနေလာကြတဲ့ အတွက် စံမမှီတဲ့ နေအိမ်တိုက်တာတွေ ၊ ကျုးကျော်နေထိုင်တဲ့ ပြသနာတွေ ၊ အမှန်တကယ် လိုအပ်နေတဲ့ တန်ဖိုးနည်း အိမ်ရာပြသနာတွေ
အကြားမှာ လူမှုရေး ၊ ကျန်းမာရေး ဒုက္ခအဝဝကို ခံစားနေကြရတဲ့ လူတွေ ဒုနဲ့ဒေး ရှိပါတယ် ။
မြို့ပြ ရဲ့ပြသနာ အ၀၀ကို ကမ္ဘာနိုင်ငံတွေကပညာရှင်တွေ ဖြေရှင်းတဲ့နည်းလမ်း သုံးခုဖြစ်တဲ့ အထပ်မြင့်တွေ ဆောက်ပြီး လူဦးရေ သိပ်သည်းမှုကို ဖြေရှင်းမလား ၊ ဒုတိယနည်းဖြစ်တဲ့ မြို့ကို တစ်ဖြည်းဖြည်းနဲ့ ချဲ့မလား ဒါမှမဟုတ် တတိယနည်းလမ်းဖြစ်တဲ့ သီးခြား မြို့သစ်တွေ ထပ်တည်မလား ဆိုတဲ့ နည်းလမ်းသုံးသွယ် ရှိကြပေမယ့်လည်း ဒီနည်းလမ်းသုံးခုလုံးမှာ အကျိုးရလာဒ် တွေရှိသလို နောက်ဆက်တွဲ ပြသနာတွေကလည်းဒွန်တွဲပါလာတက်ကြလို့ လွယ်တဲ့ ပြသနာတော့ မဟုတ်ပါဘူး ။ အထပ်မြင့်တွေ ဆောက်ပြီး ပြည်သူ အိမ်ရာလိုအပ်ချက်ကို ဖြည့်နိုင်ပါ့မလား ဆိုပြီး ပထမ နည်းလမ်းကို ပြန်ကြည့်လိုက်ရင်လည်း အထပ်မြင့် ဆောက်တဲ့နည်းပညာ ၊ ကုန်ကျစရိတ် ၊ နောက်ဆက်တွဲ လိုက်ရမယ့် အခြေခံ အဆောက်အအုံ ဆိုင်ရာ လိုအပ်ချက်တွေ ၊ ၀န်ဆောင်မှု စရိတ်တွေကြောင့် သာမန်ပြည်သူတွေ လက်လှမ်းမမီ နိုင်တဲ့ အခြေအနေ ဖြစ်တဲ့ အပြင် အစိုးရကလည်း အထပ်မြင့်တွေ အများကြီး ဆောက်ပြီး နေရာချထားပေးဖို့ဆိုတာကလည်း
မြန်မာနိုင်ငံလိုမဆိုထားနဲ့ချမ်းသာတဲ့
နိုင်ငံတော်တော်များတောင် လုပ်ဖို့
ခက်ခဲပါတယ် ။
ဒုတိယ နည်းလမ်းဖြစ်တဲ့ ရှိပြီးတဲ့ မြို့ကို ချဲ့မလားလို့ ပြန်ကြည့်လိုက်ရင်လည်း အိမ်စောင့်အစိုးရလက်ထက်ကလည်း က မြို့တော်ဟောင်း ရန်ကုန်ကို တစ်ဖြည်းဖြည်းနဲ့ ချဲ့လာတဲ့ အတွက် အခုဆို မြို့နယ်တွေ တစ်ခုနဲ့တစ်ခု ထိစပ်ပြီး မြစ်တွေ ချောင်းတွေ နဲ့ ချဲ့ထွင်စရာ နေရာက တစ်ဖြည်းဖြည်း ရှားပါးလာပါပြီ ။
တတိယ နည်းလမ်းဖြစ်တဲ့ မြို့သစ်တွေ တည်မလား ဆိုတဲ့နည်းလမ်းကို တွက်ကြည့်လိုက်ရင် ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရှိပြီးသား မြို့သစ်တွေ အပြင် မြို့သစ်အသစ်တွေ ထပ်တည်နိုင်တဲ့ မြေတွေ အများကြီးကျန်ပါသေးတယ် ၊ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီမိုကရေစီ စနစ်ဖြစ်လာပြီ ဖြစ်တဲ့ အတွက် လယ်သမားတွေနဲ့ ပြသနာ ဖြစ်နိုင်ပေမယ့် အစိုးရအနေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရင် အဆင်ပြေလာနိုင်တဲ့ အရိပ်လက္ခဏာ ရှိပါတယ် ၊ ဒါကြောင့်လည်း ပညာရှင်တွေက နည်းလမ်းသုံးသွယ်ထဲံက မြို့သစ်တည်တဲ့ နည်းလမ်းကို အကြံပြုကြတာ ဖြစ်ပါတယ် ။
လက်ရှိအခြေအနေ အတိုင်းဆက်သွားမယ် ဆိုရင် ဂျပန် မြန်မာပညာရှင်တွေရဲ့ တွက်ချက်မှု အရ ၂၀၄၀ ခုနှစ်မှာ ရန်ကုန်မြို့တော်ဟာ mega city စာရင်းဝင်မြို့ဖြစ်လာပြီး လူဦးရေ ၁၀ သန်းအထိ တိုးပွားလာမှာဖြစ်ပါတယ် ။ လတ်တလော အနေအထားအရ လူဦးရေ ခြောက်သန်းရှိနေတဲ့ အခြေအနေ မှာတောင် တစ်ချို့နေရာတွေမှာ ယာဉ်ကြောပိတ်ဆိုမှုတွေ ၊ ရေစီးရေလာ စီးဆင်းမှု ခက်ခဲပြီး အမှိုက်တွေနဲ့ ပိတ်ဆို့ကုန်တဲ့ အတွက် မိုးသည်းသည်းမည်းမည်း ရွာတဲ့နေ့တွေဆိုရင် မြို့တော်ဟောင်းရန်ကုန်ရဲ့အထင်ကရ
နေရာတွေမှာပါ လမ်းမပေါ်ထိ ရေလျှံတဲ့ ပြသနာတွေကို ကြုံနေရပါပြီ ။ အရင်က ရေမြောင်းတွေတောင် အချို့အဆောက်အအုံတွေ အောက်ရောက်ကုန်သလို မြောင်းတွေလည်း ကျဉ်းလာလို့ အခုအစိုးရ သစ်က ရေမြောင်းတွေ ပြန်စီးဆင်းဖို့ လုပ်နေရတုံးဖြစ်ပါတယ် ။
ဒီလိုပြသနာတွေကြောင့် ၂၀၄၀ မဟာဗျုဟာ ရန်ကုန်မြို့တော်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းအရ ရန်ကုန်မြို့တော် ပတ်ပတ်လည်လည်မှာ မြို့သစ် ခုနှစ်ခုကို လယ်မြေဧက ပေါင်း ၂၀၀၀၀၀၀ ကျော်မှာ လုပ်ဖို့ ဂျပန်မြန်မာပညာရှင်တွေ ကတွက်ချက်ထားပါတယ် ။ မြို့သစ်ခုနှစ်ခုမဆိုထားနဲ့ မြို့သစ်တစ်ခုတည်ထောင်ဖို့တောင် မြေရှိရုံနဲ့ မပြီးဘဲ နည်းပညာ ၊ များပြားလှတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏ ၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု စနစ် ၊ မြို့သစ်မှာနေတဲ့ လူတွေအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ထောက်ပံ့မှု ဆိုတဲ့ စိန်ခေါ်မှုပေါင်း မြောက်များစွာ ကျော်ဖြတ်ဖို့လိုပါတယ် ။
တိုးပွားလာတဲ့ လူဦးရေ အရ မြို့သစ်တွေကို ဖော်ထုတ်ဖို့ လိုလာပြီ ဖြစ်ပေမယ့် စနစ်ကျပြီး နေချင်စဖွယ်ကောင်းတဲ့ မြို့သစ်တစ်ခု
ဖြစ်လာအောင်လုပ်ဖို့ကလည်း သိပ်လွယ်လှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ၊ ဒါ့အပြင် မြို့သစ်မှာ နေတဲ့လူတွေ အလုပ်အကိုင်အတွက်လည်း အဲဒီမြို့သစ်ပတ်ဝန်းကျင်မှာဘဲ စီးပွားရေးဇုန်တွေ တစ်ပါတည်း ဖော်ထုတ်နေရာချထားပေးမှ အဆင်ပြေမှာ ဖြစ်ပါတယ် ။
၁၉၆၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ အစိုးရအဆက်ဆက် က တာဝန်ရှိသူတွေအနေနဲ့ မြို့သစ်တွေ ဖော်ပြီး ပြည်သူတွေ နိုင်ငံဝန်ထမ်းတွေကို နေရာချပေးတဲ့ အခါ နေစရာတော့ ပေးပြီး အလုပ်အကိုင်တွေ တစ်ပါတည်း မဖန်တီးပေးနိုင်ခဲ့တာကြောင့်လည်း မြို့တော်ဟောင်း ရန်ကုန်ကိုဘဲ မြို့သစ်ကလူတွေ လာရောက်အလုပ်လုပ်ကြရတဲ့ အတွက် မြို့ပြပြသနာတွေကို မြို့တော်ဟောင်းက လူတွေတင်မကဘဲ မြို့သစ်က လူတွေပါ အတူတကွ ခံစားနေရတာ ဖြစ်ပါတယ် ။ဒါကြောင့်လည်း မြို့သစ်စီမံကိန်း တွေလုပ်ဖို့ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို ဖိတ်ခေါ်နေတဲ့ သတင်းတွေ မကြာခဏ တွေ့မြင်နေရပြီး အစိုးရလည်းအခွန်ရ ၊ မြို့ပြပြသနာတွေလည်း ပြေလည်း ပြည်သူတွေလည်း
ကျောချစရာနေရာ ရမယ့် မြို့သစ်များကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ လိုပါကြောင်း
တင်ပြလိုက်ပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com