ကမ္ဘာကျော်ညီအစ်မ ငါးဖော်ဖြစ်သော ကင်ဒဲလ်ဂျင်းနာ၊ ကိုင်လီဂျင်းနာ၊ကော့တ်နေးကာဒါရှီယန်၊ ကင်မ်ကာဒါရှီယန်၊ ခလိုကာဒါရှီယန်ဟူ၍ရှိရာ အဆိုပါညီအစ်မများတွင် ပါဝင်သည့် ကင်ဒဲလ်ဂျင်းနာနှင့် ကိုင်လီဂျင်းနာတို့သည် ယခုလအတွင်း နေအိမ်ဝယ်ယူမှုများ ရှေ့ဆင့်နောက်ဆင့် ပြုလုပ်လာကြသည်။
ကင်ဒဲလ်ဂျင်းနာ၏ နေအိမ်ဝယ်ယူမှုကို iMyanmarHouse.com တွင်ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/504621 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ညီအစ်မငါးဖော်တွင် အငယ်ဆုံးဖြစ်ကာ အသက် ၁၉ နှစ်သာရှိသေးသူ ကိုင်လီဂျင်းနာကလည်း လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော်များ အခြေချရာ ဟိုက်ဒန်းဟေးလ်တွင် နေအိမ်တစ်လုံးဝယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ကိုင်လီဂျင်းနာသည် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းပေးကာ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ခြံဝန်းအကျယ်အ၀န်းမှာ ၃ ဒသမ ၃ ဧက ကျယ်ဝန်းကာ နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၅၁၄၇ ရှိသည်။
ယင်းနေအိမ်ကို ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လေ၀င်လေထွက်ကောင်းမွန်ကာ ပြင်သစ်တံခါးများတပ်ဆင်ထားသည်။
တောင်ကုန်းများဝန်းရံနေကာ ခြံဝန်းအတွင်းတွင် ရေကူးကန်တစ်ခုပါဝင်သည်။
အ၀တ်အစားထားသိုခန်းမှာ ကိုင်လီဂျင်းနာ၏ ယခင်အိမ်ထက် ပိုမိုကျယ်ဝန်းသည်ကို တွေ့ရသည်။
ယခင်နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်စ်တွင်တည်ရှိပြီး စတုရန်းပေ ၄၈၅၁ ကျယ်ဝန်းသည်။
ယင်းနေအိမ်ကို ၂၀၁၅ ခုနှစ်၊ မတ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကိုင်လီမှာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည်။
ဝယ်ယူပြီးမကြာမီပင် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့် ပြန်လည်ရောင်းခဲ့သော်လည်း ယနေ့တိုင်ရောင်းမထွက်သေးချေ။
ကိုင်လီဂျင်းနာသည် အစ်မဖြစ်သူ ကင်ဒဲလ်ဂျင်းနာနှင့် ပူးပေါင်းကာ "Kendall & Kylie" အလှကုန်လုပ်ငန်း တည်ထောင်ခဲ့သည့်အပြင် သူမ၏ကိုယ်ပိုင် မိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်သော Kylie Cosmetics ကို ထုတ်လုပ်ခဲ့ရာ iTunes app store တွင် အရောင်းရဆုံး နံပါတ်တစ် နေရာတွင် ချိတ်ဆွဲခဲ့သည်။
ကိုင်လီဂျင်းနာသည် အမေရိကန်ရုပ်သံသရုပ်ဆောင်၊ မော်ဒယ်တစ်ဦးဖြစ်ပြီး သူမတွင် ကမ္ဘာကျော်အစ်မများရှိရာ ကင်ဒဲလ်ဂျင်းနာ (အစ်မရင်း)၊ ကော့တ်နေးကာဒါရှီယန် (တစ်ဝမ်းကွဲ)၊ ကင်မ်ကာဒါရှီယန် (တစ်ဝမ်းကွဲ)နှင့် ခလိုကာဒါရှီယန် (တစ်ဝမ်းကွဲ) တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)