အရှေ့အလယ်ပိုင်းတွင် အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော ဟက်ဘ်ထိုးလေတန် Habtoor Leighton Group (HLG) ၏ အမှုဆောင်အရာရှိချုပ် ဂျို့စ်အန်တိုနီယို လိုပက်ဇ်မိုနစ်စ်သည် ဒူဘိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
လေတန်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော Cimic Group သည် မိုနစ်စ်ဖမ်းဆီးခံရကြောင်းသတင်းကို ထုတ်ပြန်ခဲ့ရာတွင်“ဒူဘိုင်းရဲတပ်ဖွဲ့တွင် အမှုဖွင့်တိုင်ကြားခံရမှုကြောင့် လေတန်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်/မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဂျို့စ်အန်တိုနီယို လိုပက်ဇ်မိုနစ်စ်သည် သြဂုတ်လ ၁၇ ရက် တွင် စတော့ဈေးကွက်ပိတ်သိမ်းချိန်ခန့်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်” ဟု ဖော်ပြပါရှိသည်။
ရဲတပ်ဖွဲ့သို့ မည်သူက အမှုဖွင့်သည်၊ မိုနစ်စ်အဘယ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည်ဟူသော အချက်များကိုမူ ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိချေ။
ဟက်ဘ်ထိုးလေတန် Habtoor Leighton Group (HLG) ကုမ္ပဏီသည် မစ္စတာ လိုပက်ဇ်မိုနစ်စ်ကို ထောက်ခံလျက်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
လေတန်ကုမ္ပဏီ၏ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို Cimic Group က ပိုင်ဆိုင်ပြီး Cimic သည် သြစတေးလျ၏ အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။
လိုပက်ဇ်မိုနစ်သည် လေတန်ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် အမှုဆောင်အရာရှိချုပ်နှင့် မန်နေးဂျင်းဒါရိုက်တာအဖြစ် ၀င်ရောက်ခဲ့ပြီး ယင်းမတိုင်မီက စပိန်ဆောက်လုပ်ရေးကုမ္ပဏီ ဒရာဂါဒို့စ်တွင် လုပ်ကိုင်ခဲ့သည်။
လေတန်ကုမ္ပဏီသည် ပင်လယ်ကွေ့ဒေသတစ်လွှားရှိ နိုင်ငံများတွင် နာမည်ကျော်စီမံကိန်းများစွာ ဆောက်လုပ်ခဲ့ရာ ဇိမ်ခံဟိုတယ်များနှင့် အရေးပါသော အခြေခံအဆောက်အအုံများ အပါအ၀င် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)