တစ်ဆင့်ခံ ကုန်သွယ် ရေး စနစ်ဖြင့် တရုတ်နိုင်ငံသို့ သကြားရောင်းချမှုရပ်နားထားရခြင်းကြောင့် ဈေးကွက်အတွင်း ငွေ လည်ပတ်မှုကျပ်တည်းပြီး အမေ ရိကန် ဒေါ်လာတန်ဖိုး မြင့်လာ ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံတွင် သြဂုတ် ၁၂ ရက်မှစ၍ မြန်မာနိုင်ငံမှ ၀ယ်ယူသော ကုန်ပစ္စည်းများကို ဖမ်းဆီးမှုများကြောင့် ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှတစ်ဆင့်ခံ ကုန်သွယ်ရေးဖြင့် တင်သွင်းထားသော သကြား၊ စက်သုံးဆီများအပါအ၀င် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ရောင်းချမရဘဲ ပြည်တွင်း၌ရှိနေသဖြင့် နိုင်ငံခြားငွေ ရှားပါးပြီး ပို့ကုန်ရငွေတန်ဖိုး မြင့်တက်လာသည်ဟု ကုန်သည်အချို့က ဆိုသည်။
‘‘ငွေမလည်နိုင်တော့ ဒေါ် လာတက်တာပေါ့’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုန်သည် ဦးမျိုးသူရအေးက ပြောသည်။
လက်ရှိဈေးကွက်တွင် ပို့ကုန်ရငွေတန်ဖိုးသည် ယနေ့တွင် တစ် ဒေါ်လာ ၁,၂၀၇ ကျပ်သို့ မြင့်တက်ခဲ့သည်။ သြဂုတ် ၁၄ ရက်တွင် တစ်ဒေါ်လာ ၁,၁၉၄ ကျပ်ရှိသဖြင့် လေးရက်အတွင်း ၁၃ကျပ်မြင့်တက်ခဲ့ သည်။ ပို့ကုန်ရငွေတန်ဖိုးမြင့်တက် မှုကြောင့် သြဂုတ် ၁၉ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ လျှင် ၁,၂၀၀ ကျပ်သို့ မြင့်တက် လာသည်။ သြဂုတ် ၁၅ ရက်က တစ်ဒေါ်လာ ၁,၁၉၁ ကျပ်ရှိသဖြင့်လေးရက်အတွင်း ကိုးကျပ်ခန့်မြင့် တက်လာသည်။
ထိုသို့ ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်လာသော် လည်း အရောင်းအ၀ယ်မှာ ပုံမှန် အခြေအနေ၌သာ ရှိနေသည်။ ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး မြင့်တက်သကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်သော တရားဝင်ငွေလဲ နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၁,၁၈၇ ကျပ်မှ ၁,၁၉၀ ကျပ်သို့ မြင့်တက်ခဲ့သည်။
သွင်းကုန်များပြီး ပို့ကုန်နည်း သဖြင့် ကုန်သွယ်မှုလိုငွေပြနေ ခြင်းကြောင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ ဆက်လက်မြင့်တက် နိုင်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အစိုးရ၏ ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။ အမေရိကန်ဒေါ် လာတန်ဖိုးမြင့်တက်မှုကို ဗဟို ဘဏ်မှငွေကြေးမူဝါဒ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ဘဏ္ဍာရေးမူဝါဒများနှင့် ထိန်းသိမ်းသွားမည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အမေရိကန် ဒေါ်လာဈေး နှုန်းမြင့်တက်သကဲ့သို့ ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ၅,၀၀၀ ကျပ်ခန့် ဈေးတက်လာသည်။ သြဂုတ် ၁၅ ရက်က တစ်ကျပ်သားလျှင် ကျပ် ၈၄၈,၀၀၀ ခန့်ရှိသော ပြည် တွင်းရွှေဈေးသည် သြဂုတ် ၁၉ ရက်တွင် ကျပ် ၈၅၂,၅၀၀ သို့ မြင့် တက်လာသည်။
Credit: 7DayDaily