ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာမြို့တော်တွင် ဆောက်လုပ်လျက်ရှိသော အက်ဘ်ရက်ဂ်ျကူဒိုင်းဟိုတယ်ကြီးကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ရာ လက်ရှိကမ္ဘာ့အကြီးဆုံးဟိုတယ်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော မလေးရှားနိုင်ငံ၏ The First World Hotel & Plaza ကို ဖြတ်ကျော်သွားတော့မည် ဖြစ်သည်။
မလေးရှား၏ ကမ္ဘာ့အကြီးဆုံးဟိုတယ်ကြီးတွင် အခန်းပေါင်း ၇၃၅၁ ခန်းပါဝင်ပြီး ဆော်ဒီတွင် ဖွင့်လှစ်မည့် အက်ဘ်ရက်ဂ်ျကူဒိုင်း ဟိုတယ်ကြီးတွင် အခန်းပေါင်း ၁၀၀၀၀ ပါဝင်မည် ဖြစ်သည်။
အက်ဘ်ရက်ဂ်ျကူဒိုင်းဟိုတယ်ကြီးသည် ကြမ်းခင်းဧရိယာ စုစုပေါင်း စတုရန်းမီတာ ၁ ဒသမ ၄ သန်းရှိပြီး ဆောက်လုပ်မှု ကုန်ကျစရိတ် ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ ကုန်ကျခဲ့သည်။
ယင်းဟိုတယ်ကြီးသည် အခန်းအရေအတွက်အရသာ ကမ္ဘာ့အကြီးဆုံးဟိုတယ်ဖြစ်ရုံမျှမဟုတ်ဘဲ အမြင့်အရလည်း ကမ္ဘာ့အမြင့်ဆုံးဟိုတယ် ဖြစ်လာမည် ဖြစ်သည်။
အဆိုပါဟိုတယ်ကြီးကို အစ္စလာမ်ဘုရားဖူးများအတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်ဟုသိရပြီး ကမ္ဘာ့အကြီးမားဆုံး ဗလီကြီးဖြစ်သော မာဂျစ် အယ်လ်ဟာရမ်ဗလီအနီးတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ဟိုတယ်အတွင်းတွင် စားသောက်ဆိုင်ပေါင်း ၇၀ ၊ အစည်းအဝေးခန်းမကျယ်တစ်ခု၊ ရဟတ်ယာဉ်ကွင်းများနှင့် ဘုရားဝတ်ပြုရာနေရာများ ပါဝင်သည်ဟု ဆိုသည်။
ဟိုတယ်ကို မျှော်စင် ၁၂ ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဘတ်စ်ကားမှတ်တိုက်၊ စားသောက်ဆိုင်တန်းများ၊ ဈေးဝယ်စင်တာနှင့် ကျယ်ပြန့်သော ballroom တို့ ပါဝင်သည်။
ယင်းဟိုတယ်၏ အထပ် ၅ ထပ်ကို ဆော်ဒီတော်ဝင်မိသားစုအတွက် သီးသန့်ရည်ရွယ်ထားသည်ဟု ဆိုသည်။
ဆော်ဒီဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘဏ္ဍာငွေဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ဒါအယ်လ် ဟန်ဒါဆာအုပ်စုမှ ဒီဇိုင်းရေးဆွဲခဲ့သည်။
အက်ဘ်ရက်ဂ်ျ ကူဒိုင်းဟိုတယ်ကြီး၏ အချက်အလက်များ
အခန်းအရေအတွက်- ၁၀၀၀၀
မျှော်စင်- ၁၂ ခု
အမြင့်ဆုံးမျှော်စင်၏ အထပ်အမြင့်- ၄၅ ထပ်
ရဟတ်ယာဉ်ကွင်း- ၄ ခု
စားသောက်ဆိုင်- ၇၀
ဆောက်လုပ်စရိတ်- ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ
အဆောက်အအုံအောက်ခြေအကျယ်အ၀န်း- စတုရန်းမီတာ ၆၄၀၀၀
စုစုပေါင်းကြမ်းခင်းဧရိယာ- စတုရန်းမီတာ ၁,၄၀၀,၀၀၀
ဘုရားဖူးကာလအတွင်း မက္ကာသို့ နှစ်စဉ်လာရောက်သူ- ၂ သန်း
မက္ကာသို့ နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း- သန်း ၂၀ တို့ဖြစ်ကြပါသည် ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)