ဘင်္ဂလားဒေ့ရှ်အလုပ်သမားများကို ဆော်ဒီအာရေးဗီးယားတွင် အလုပ်လုပ်ကိုင်ခွင့် ၆ နှစ်ကြာပိတ်ပင်ထားမှုကို ယခုအခါတွင် ဆော်ဒီအစိုးရက ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဝက်ဘ်ဆိုက်တစ်ခုနှင့် အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တို့တွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်မှ လုပ်သားများ ပြန်လည်ဝင်ရောက်ခွင့်ကို ဆော်ဒီအာရေးဗီးယားအလုပ်သမားနှင့် လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယခုဖြေလျှော့ပေးလိုက်မှုတွင် ကျွမ်းကျင်လုပ်သား၊ အထွေထွေလုပ်သားနှင့် ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာများ၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာလုပ်သားများ အစရှိသည့် ပညာရှင်များအားလုံး ပါဝင်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်လုပ်သားများ ဆော်ဒီတွင် ပြန်လည်လုပ်ကိုင်ခွင့် ရရှိခြင်းမှာ ဆော်ဒီဘုရင် ဆာလ်မန်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာတို့ ပြီးခဲ့သော ဇွန်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့်ဖြစ်သည်။
“ဆော်ဒီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ၀င်ရောက်လုပ်ကိုင်ကြတာ လုပ်ငန်းကဏ္ဍ ၄၈ မျိုးခန့်ရှိပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဂိုလမ်မိုရှီက ပြောကြားသည်။
ဆော်ဒီအာရေးဗီးယားတွင် လက်ရှိအားဖြင့် ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်အလုပ်လုပ်ကိုင်သည့်လုပ်သားများမှာ အလွန်များပြားလျက်ရှိနေပြီး ၁ ဒသမ ၃ သန်းခန့်အထိရှိနေကာ အမျိုးသမီးလုပ်သား ၆၀၀၀၀ ကျော်ပါဝင်ကြောင်းလည်း မိုရှီက ပြောကြားသည်။
ဆော်ဒီအာဏာပိုင်တို့က ဘင်္ဂလားဒေ့ရှ်မှ အိမ်ဖော်ဝန်ထမ်းပေါင်း တစ်လလျှင် ဦးရေ ၁၀၀၀၀ ခန့် ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
ဆော်ဒီအလုပ်ရှင်တို့မှ ဘင်္ဂလားဒေ့ရှ်လုပ်သားများ ခေါ်ယူခွင့်ပိတ်ပင်ထားမှုကို ဖယ်ရှားပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ ဟာဆန် မာမွတ်အလီနှင့် ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒီပူ မိုနီတို့သည် ဆော်ဒီသို့ ကြိမ်ဖန်များစွာသွားရောက်ခဲ့ကြရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)