တူရကီနိုင်ငံရှိ ပင်လယ်နက်ကမ်းခြေအပန်းဖြေမြို့တော်ဖြစ်သော ထရက်ဘ်ဇွန်တွင် မည်သည့်စီမံကိန်းမျှ လက်ရှိတွင် တာဝန်ယူဆောက်လုပ်နေခြင်းမရှိကြောင်း ဒူဘိုင်း developer Emaar က ငြင်းဆိုလိုက်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
သတင်းများတွင် ဖော်ပြသည်မှာ ဒူဘိုင်း developer Emaar သည် ပင်လယ်နက်အပန်းဖြေမြို့တွင် ကန်ဒေါ်လာ တစ်ဘီလီယံခန့် ကုန်ကျမည့် ဘက်စုံသုံးအဆောက်အအုံစီမံကိန်းကြီးတစ်ခုကို ဦးစီးလျက်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
အာရပ်သတင်းမီဒီယာတို့၏ ဖော်ပြချက်တွင် ဒူဘိုင်း developer Emaar က ပါဝင်ဆောင်ရွက်လျက်ရှိသော အဆိုပါစီမံကိန်းတွင် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တစ်လုံး၊ လူနေအထပ်မြင့် အဆောက်အအုံများနှင့် ကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခု ပါဝင်ကာ ဆောက်လုပ်ချိန် ၂ နှစ်အတွင်း အပြီးသတ်မည်ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။
“၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တုန်းက သတင်းမီဒီယာတွေမှာ ဖော်ပြချက်ဖြစ်တဲ့ ထရက်ဘ်ဇွန်မြို့မှာ ကန်ဒေါ်လာ တစ်ဘီလီယံတန်အဆောက်အအုံစီမံကိန်းကို Emaar က ဦးစီးနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရှင်းချင်တာကတော့ Emaar Properties ဟာ လက်ရှိအားဖြင့် ထရက်ဘ်ဇွန်မြို့မှာ ဘာစီမံကိန်းမှ အကောင်အထည်ဖော်နေတာမရှိဘူးလို့ ပြောချင်ပါတယ် ” ဟု ယင်းကုမ္ပဏီ၏ အထွေထွေကောင်စီက ထုတ်ပြန်သည်။
“ဒီလိုမျိုး အခွင့်အလမ်းတွေပေါ်လာရင် ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမှာပါ”ဟုလည်း ထုတ်ပြန်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)